
နေပြည်တော် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အဆိုပါ အစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အလုပ်အကိုင် ၄၃၇၁ နေရာကို ဖန်တီးပေးနိုင်မည်
အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၏ မတည် ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူ ရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၂၇၉ သန်းနှင့် ငွေကျပ် ၁၅၃ ဒသမ ၆၈၆ ဘီလီယံ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃၇၁ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆောင်ရွက် မည့် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း လေးခုနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရာခိုင်နှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co., Ltd. က ဆောင်ရွက် မည့် တန်ဖိုးမြှင့်ထုတ်လုပ်ထားသော ငါးစာထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချ ခြင်း လုပ်ငန်း တစ်ခု အပါအဝင် ဝက်မွေးမြူရေးလုပ်ငန်းများလည်း ပါဝင်သည်။
အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့ခွင့်ပြုပေးသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော် ဓာတ်အား စနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက် အား အထောက်အကူပြုနိုင်မည် ဖြစ်သည်။
ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင်ပါရှိသည့် လမ်းညွှန်ချက်အရလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Deter-mined Contribution-NDC) ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ များမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။ သတင်းစဉ်