
နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမဆောင်(၂)ရှိ ကာကွယ် ဆေးထိုးစုရပ်နှင့် သားဖွားသင်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တို့သို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံမှုအဖြစ် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့နံနက် ၈ နာရီတွင် ထိုးနှံပေးခဲ့သည်။
ယနေ့ညနေအထိ စာရင်းများအရ ကျန်းမာရေးဝန်ထမ်း ၃၀၅၅၁ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်