
နေပြည်တော် ဧပြီ ၁၆
ယနေ့သည် သင်္ကြန်ချစ်ပြည်သူများအတွက် မြန်မာ့နှစ်သစ်မကူးပြောင်းမီ မဟာသင်္ကြန်ပွဲတော် အတက်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်၌ ရေကစားသူများနှင့် အပန်းဖြေသူများသည် ယခင်ရက်များထက် အထူးစည်ကားများပြားလျက်ရှိသည်။
“တစ်နှစ်တစ်ခါ ကျင်းပတဲ့ ပွဲမှာ ဒီနေ့က သင်္ကြန်နောက်ဆုံး ရက် အတက်နေ့ဖြစ်တဲ့အတွက် တစ်နေ့လုံး မိသားစုလိုက် သင်္ကြန် လည်မှာပါ။ ပျော်စရာကောင်း တယ်။ နေပြည်တော် သင်္ကြန်က ဒီနှစ် တော်တော်စည်ကားပါတယ်။ လမ်းလျှောက်သင်္ကြန် ကလည်း ရှိတော့ ပိုစည်သွားတယ် ထင်တယ်။ တစ်နှစ်တာ စားဝတ် နေရေးအတွက် လှုပ်ရှားနေရတာ သင်္ကြန်ရောက်မှ အပန်းဖြေ အနားယူကြရတာပါ။ ဒါကြောင့် နောက်နှစ်တွေလည်း တစ်နှစ် တစ်ခါကျင်းပတဲ့ သင်္ကြန်ပွဲတော် ကို အေးချမ်း ပျော်ရွှင်စရာ ကောင်းအောင်၊ ရိုးရာမပျက် အောင်နဲ့ စည်ကားအောင် ကျင်းပ ပေးစေလိုပါတယ်” ဟု နေပြည် တော်တွင် နေထိုင်သည့် ဦးမြတ်သူ က ပြောသည်။
နေပြည်တော် ကောင်စီ နယ်မြေအတွင်း၌ ယနေ့တွင် ရေပက်ခံကားများ၊ ရေပက်ခံထွက် ကြသူများ၊ စတုဒိသာ ကျွေးမွေး အလှူဒါန ပြုကြသူများဖြင့် အထူး စည်ကားများပြားလျက်ရှိသည်။
ထို့အတူ နေပြည်တော် အတွင်းရှိ အထင်ကရနေရာများ ဖြစ်သည့် လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင် ရေဆိပ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ ရေကစားအပန်း ဖြေစခန်း၊ နေပြည်တော် အမျိုး သား အထိမ်းအမှတ် ဥယျာဉ်၊ ရေပန်းဥယျာဉ်၊ နေပြည်တော် ဆာဖာရီဥယျာဉ် တို့တွင်လည်း လာရောက်လည်ပတ် အနားယူ အပန်းဖြေကြသည့် မိသားစုများ၊ ပြည်သူများဖြင့် များပြားခဲ့သည်။
အလားတူ နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ် များ၌ မိသားစုရေကစား မဏ္ဍပ် ငယ်များတွင် ပြည်သူများသည် ဆိုင်ကယ်၊ မော်တော်ယာဉ်များ ဖြင့် ပျော်ရွှင်စွာ လည်ပတ်ရေကစား ကြခြင်းဖြင့် သင်္ကြန်ပွဲတော်ကို အေးချမ်းစွာ နွှဲပျော်လျက်ရှိသည်။
ထိုသို့ သင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်လက်ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေ နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေ စခန်းများ၌ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်း ဖြေ အနားယူနေကြစဉ်အတွင်း အန္တရာယ် မရှိစေရေးအတွက် သတိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော် ကောင်စီ နယ်မြေတွင် သင်္ကြန်ကာလအတွင်း ရေကစားကြသူများဖြင့် စည်ကား လျက်ရှိသကဲ့သို့ အလှူဒါနကုသိုလ် ပြုကြသူများ၊ ဥပ္ပါတသန္တိစေတီ တော်၊ ဓါတုဇယဓာတ်ပေါင်းစု စေတီတော်၊ ကိုးခမ်းကြီးဘုရား၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်ကြီး စသည့်ဘုရားစေတီ များတွင် ဥပုသ်သီလဆောက်တည် ကြသူများ၊ တရားဘာဝနာရှုမှတ် ပွားများကြသူများလည်း များပြား ခဲ့ကြကြောင်း သိရသည်။
အောင်မင်းဟန်