နေပြည်တော်၌ ကျောင်းသား ကျောင်းသူပေါင်း ၁၀၁၂၂၁ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော်    နိုဝင်ဘာ    ၂


ပြည်ထောင်စုနယ်မြေ    နေပြည်တော်၌ နိုဝင်ဘာ ၁ ရက်မှစတင်၍ အခြေခံပညာ  ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့ တွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ    ပညာသင်ကြား လျက်ရှိပြီး ကျောင်းအပ်နှံမှုလုပ်ငန်းစဉ် များလည်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 


နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင်   ယမန်နေ့က   ကျောင်းသား ကျောင်းသူ    စုစုပေါင်း ၆၅၁၆၁  ဦး တက်ရောက်ပညာသင်ကြားခဲ့ပြီး ယနေ့ တွင်  ကျောင်းသား ကျောင်းသူပေါင်း ၁၀၁၂၂၁ ဦး ပညာသင်ကြားလျက်ရှိသည်။ 


အမှတ်(၇) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ခင်နှင်းရီက  “ကျွန်မတို့  ကျောင်း ဖွင့်လှစ်နိုင်ဖို့  အများကြီး  ပြင်ဆင်ခဲ့ရ ပါတယ်။        ဇမ္ဗူသီရိတစ်မြို့လုံးစာ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း ကျွန်မတို့ကျောင်းမှာပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။    ဒါကြောင့်   ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စာသင်ခုံတွေ နေရာချရေးတွေကို ပြင်ဆင်ခဲ့ရပါတယ်။ ကျောင်းမှာရှိတဲ့       ဝန်ထမ်းအားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းဆောင်ရွက် ခဲ့ရပါတယ်။ ကလေးတွေ ကျောင်းတက် နိုင်ဖို့ ပထမဆုံးကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို    ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်မတို့ကျောင်းက    ကျောင်းသား ကျောင်းသူတွေအနေနဲ့ ၈၇ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံခဲ့ပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို လည်း စုစည်းပြီး ဆက်လက်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းသား ကျောင်းသူတွေအတွက် နှာခေါင်းစည်း တွေကိုလည်း  ကျောင်းကနေပဲ ဝေငှပေး ပါတယ်။ ကျောင်းလျှောက်လမ်းတွေကို ခြောက်ပေခြား သွားလာနိုင်ဖို့ စီစဉ်ပေး ထားပြီး     စာသင်ခန်းတွေမှာလည်း လေးပေခြား    သတ်မှတ်ထားပါတယ်။ ပိုးသတ်ဆေးတွေကိုလည်း တစ်ကျောင်း လုံး ဖျန်းထားပြီးသား ဖြစ်ပါတယ်။ 


“ကျောင်းချိန်အနေနဲ့ တစ်ချိန်တည်း ပဲ  သတ်မှတ်ထားပါတယ်။  ကျောင်း လုံခြုံရေးအပိုင်းကိုလည်း တာဝန်တွေ ချထားပြီး  ဆောင်ရွက်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မအပ်ရသေးတဲ့ ကလေးတွေရှိရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် ကျောင်းလာအပ်ဖို့   တိုက်တွန်းစေပါ တယ်။   ကျောင်းလာအပ်တဲ့သူတွေကို လည်း စနစ်တကျ ကျောင်းအပ်လက်ခံ ပေးပါတယ်။ နိုဝင်ဘာ ၁ ရက်က ကျောင်း တက်လူဦးရေအနေနဲ့    ၄၃၉ ဦးဖြစ်ပြီး ၄၂  ရာခိုင်နှုန်းရှိပါတယ်။  ဒီနေ့မှာတော့ ကျောင်းတက်လူဦးရေ  ၆၄၈  ဦးဖြစ်ပြီး ၆၀ ရာခိုင်နှုန်းရှိပါတယ်”ဟု ပြောသည်။ 
ထို့ပြင်   ကျောင်းသား ကျောင်းသူ များ   စိတ်ချမ်းသာ  ကိုယ်ကျန်းမာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်   ဆရာ ဆရာမများက     ကျောင်းအတွင်းသို့ မဝင်ရောက်မီ နှာခေါင်းစည်းများ၊ မျက်နှာ အကာများ  တပ်ဆင်ထားခြင်း  ရှိ၊ မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ထားခြင်းမရှိပါက အဆင်သင့်ပြင်ဆင်ထားသည့် နှာခေါင်း စည်းများ  ဝေငှ၍  တပ်စေခြင်း၊ ကိုယ် အပူချိန်တိုင်းတာပေးခြင်းနှင့် လက်ဆေး ဘေစင်များတွင်    စနစ်တကျတန်းစီ၍ လက်ဆေးစေခြင်းများကို   သေချာစွာ စောင့်ကြပ်ကြည့်ရှုပေးကြသည်။


အလားတူ ကျောင်းသား ကျောင်းသူ များ စာပေသင်ကြားနေစဉ်အချိန်အတွင်း ကျန်းမာရေးချို့ယွင်းမှု    တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက PPE ဝတ်စုံနှင့် ဆေးပစ္စည်း များပါဝင်သည့်   ကျောင်းကျန်းမာရေး အခန်းများ အဆင်သင့်ပြင်ဆင်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး လိုအပ်ပါက ဆက်သွယ်ရမည့် တာဝန် ရှိသူများ၏ ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း ထားရှိပေးထား သည်ကိုလည်း တွေ့မြင်ရသည်။  


အမှတ်(၈)  အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူက “ ကျွန်မတို့ကျောင်းမှာ တော့ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉  ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ  ကျောင်းတက် စေပါတယ်။  စာသင်ခန်းတွေမှာလည်း တစ်ခန်းကို    ကျောင်းသား ၃၀ သာ ထားရှိပြီး  စာပေသင်ကြားစေပါတယ်။ ကျောင်းစဖွင့်တဲ့   နိုဝင်ဘာ ၁ ရက်က ကျွန်မတို့ကျောင်းမှာ     ကျောင်းသား ကျောင်းသူ ၄၈၅ ဦး ကျောင်းတက်ရောက် ပါတယ်။  ဒီနေ့မှာတော့ ကျောင်းသား ကျောင်းသူ ၆၇၉ ဦးကျောင်းတက်ရောက် ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေးတဲ့ သူတွေကိုလည်း ကျောင်းအပ်လက်ခံနေပြီး     ဒီနေ့ဆို ကျောင်းလာအပ်တဲ့သူ ၄၀ ရှိပါတယ်။ ကျောင်းမအပ်ရသေးတဲ့သူတွေကိုလည်း အမြန်ဆုံး   ကျောင်းလာအပ်ကြပါလို့ ပြောလိုပါတယ်”ဟု ပြောသည်။ 


စာသင်ခန်းများ   အတွင်း၌လည်း ကိုဗစ်-၁၉   ကပ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ   တစ်ခန်းလျှင် လူဦးရေ ၃၀ နှင့် ၄၀ အကြားသာ ထားရှိ၍  တစ်ဦးလျှင် လေးပေခြားစီဖြင့် စနစ်တကျ စာပေသင်ကြားစေမှုကိုလည်း တွေ့မြင် ရသည်။


အလားတူ ကျောင်းသား ကျောင်းသူ များ ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်မှု မရှိစေရေးအတွက် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများ အား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များကို    ကောင်စီနယ်မြေအတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌  ဆောင်ရွက် ပေးခဲ့ပြီး  ဆေးထိုးရန်  ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး   ကျန်းမာရေး ဝန်ထမ်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ 


ကျောင်းသား ကျောင်းသူများ စာပေ သင်ကြားရာတွင် အထောက်အကူဖြစ်စေ ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပြ ဆရာ ဆရာမများနှင့် ကျောင်းအုပ် ကြီးများအားလုံးကိုလည်း မွမ်းမံသင်တန်း များ၊       စွမ်းရည်မြှင့်သင်တန်းများ တက်ရောက်နိုင်စေရန် ဆောင်ရွက်ပေး ခဲ့ပြီး   ကျောင်းသား ကျောင်းသူများ အတွက်လည်း ကျောင်းစဖွင့်သည့် ၂၀၂၁- ၂၀၂၂    ပညာသင်နှစ်ကတည်းကပင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊  ဗလာ စာအုပ်များ၊  ခဲတံများ၊  ဘောပင်များ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း    သိရ သည်။            

   သတင်း - အောင်သန့်
ဓာတ်ပုံ - ကိုကိုထိန်