
နေပြည်တော် မတ် ၂
နေပြည်တော်စက်မှုဇုန် ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများ၏ ဒက္ခိဏသီရိစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁ ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ ဒက္ခိဏသီရိစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှု ဇုန်အတွင်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် တင်ပြ လျှောက်ထားလာသည့် လုပ်ငန်းရှင်များအား စိစစ် ရွေးချယ်နေရာချထားပေးရန်နှင့် လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအသီးသီးမှ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် Infrastructure လုပ်ငန်းများအား ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကော်မတီများ၊ ဆပ်ကော်မတီများမှ မိမိတို့ကော်မတီ ၏ လုပ်ငန်းတာဝန်များအား လျင်မြန်ကျေပွန်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ စက်မှုဇုန် အောင်မြင်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဒက္ခိဏ သီရိစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ အပါအဝင် ဇုန်ပြင်ပရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများရရှိလာနိုင်ခြင်း၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဈေးကွက် ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်းအရည်အသွေး များကို ယှဉ်ပြိုင်ထုတ်လုပ်ခြင်း၊ အရည်အသွေးမီ ကုန်ပစ္စည်းများကို ပြည်တွင်း၌ပင် ဈေးနှုန်းချိုသာ စွာဖြင့် သုံးစွဲလာနိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ကိုထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလား အလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် ကော်မတီ များ၊ ဆပ်ကော်မတီများက ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စက်မှုဇုန်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ နေပြည်တော်စက်မှုဇုန်ကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဒက္ခိဏသီရိစက်မှုဇုန် အတွင်း မြေနေရာလျှောက်ထားလာသော လုပ်ငန်းရှင်များအား မြေနေရာချထားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ စိစစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် စက်မှုဇုန် ကြီးကြပ်ရေးကော်မတီဝင်များနှင့် ဆပ်ကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီသို့ တင်ပြ လျှောက်ထားလာသည့် လုပ်ငန်းရှင်များ၏ မြေနေရာ လျှောက်ထားလာမှုများကို ကော်မတီမှ သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ စိစစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း
(ပြန်/ဆက်)