
နေပြည်တော် စက်တင်ဘာ ၂၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည် ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် ပျံချီကျေးရွာအုပ်စု ပျံချီကျေးရွာရှိ Golden Sunland ဆန်စက် တည်ဆောက်နေမှု အခြေအနေ သွားရောက် ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက လက်ရှိစက်ရုံ တည်ဆောက်နေမှု အခြေအနေများ၊ စက်ရုံအနီးရှိ တောင်သူများနှင့် Contract Farming ဆောင်ရွက်နေမှု၊ စပါးခွံ လောင်စာအား Gasifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး တပ်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စိုင်ခေါင်းရိုးကျေးရွာအုပ်စု စိုင်ခေါင်းရိုး ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါး ၃၁၂ ဧက စိုက်ပျိုးထားရှိ သော စိုက်ကွင်းသို့သွားရောက်ကြည့်ရှုရာ တာဝန်ရှိ သူများက ၂၀၂၂- ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး စိုက်ပျိုးထုတ်လုပ်ရာတွင် ဝယ်ယူ၊ ကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့ဖြင့် ဆောင်ရွက် ပြီးစီးမှု၊ ၂၀၂၃- ၂၀၂၄ ခုနှစ် လယ်ဝေးမြို့နယ်အတွင်း မိုးသီးနှံများစိုက်ပျိုးပြီးစီးမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှုများကို ရှင်းလင်းတင်ပြပြီး ဒေသခံ တောင်သူများက စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ ဓာတ်မြေဩဇာရရှိရေး၊ မျိုးကောင်းမျိုးသန့်စပါးများ ရရှိရေးတို့ကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှု ဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန် ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကို စံပြဖြစ်စေရေးနှင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေး၊ Clean City ၊ Green City ၊ Smart City ဖြစ်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည် တော်သည် သဘာဝအရင်းမြစ်များ ပေါကြွယ် ပြည့်ဝသည့်နေရာ တစ်ခုဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများ ရရှိသည် အထိ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖ များက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေး တင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်းဖြေကြားပေးကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သမိုင်းဝင်ဖောင်တော် ချက်မစေတီတော်ကြီးအား သွားရောက်ဖူးမြော်၍ စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး စေတီတော် အတွက် အလှူငွေများကို ပေးအပ်လှူဒါန်း ကာ ပရိဝုဏ်အတွင်းရှိ မင်္ဂလာကန်တော်အတွင်းမှ ငါးများအား ငါးစာကျွေး ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)