နေပြည်တော် မေ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းမကြီးဘေးရှိ မင်္ဂလာကန်ပတ်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစို ပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော် ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကုမ္ပဏီတာဝန်ရှိသူက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ရှိ အများပြည်သူ များ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေနိုင်စေရန်အတွက် အသစ်ထပ်မံ တည်ဆောက်မည့် လုပ်ငန်းများကို စံချိန်စံညွှန်း အရည်အသွေးပြည့်ဝစွာ ခေတ်မီနည်းစနစ်များဖြင့် ကြိုးစားလုပ်ဆောင် သွားရန်မှာကြားသည်။
ယင်းနောက် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော မင်္ဂလာကန်နှင့် ပန်းခြံအတွင်း လူသွား လျှောက်လမ်းများ၊ ကန်ပတ်လမ်းများ၊ ကျောက်စီမြေထိန်းနံရံများ ပြုပြင်ပြီးစီးမှုအခြေအနေနှင့် မင်္ဂလာကန်အတွင်း ရေစီးဝင်/စီးထွက်မှု လမ်းကြောင်းများကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မင်္ဂလာကန်သည် အများပြည်သူများ အပန်းဖြေ အနားယူသည့် နေရာဖြစ်သည့်အတွက် အမြဲတမ်း သာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြုပြင်နေသည့် လုပ်ငန်းများကို အချောသတ် ပြီးစီးအောင် ဆောင်ရွက်၍ မလို အပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို ရှင်းလင်းဖယ်ရှားရန်၊ မင်္ဂလာကန်(၁)အနီး ရေပေါ်စင် ပြန်လည်ပြုပြင်ရန်၊ မင်္ဂလာကန် ပတ်လမ်းရှိ Pergola တွင် ထွန်းညှိထားသည့် LED မီးတန်းများ အသစ် တပ်ဆင်ရန်၊ နာရီစင်အား အဆင့်မြှင့်တင်ရန်၊ မင်္ဂလာကန်(၃)ဘက်ခြမ်းရှိ ပျက်စီးနေသော ကန်ပတ်လမ်းကို ပြုပြင်ရန်၊ အများပြည်သူ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်သည့်နေရာတွင် ပျက်စီးယိုယွင်းနေသော အားကစား လေ့ကျင့်ရေးဆိုင်ရာပစ္စည်းများကို စနစ်တကျ ပြန်လည်အစားထိုးတပ်ဆင်ပေးရန်တို့ကို ရက်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



