နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန်ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး မွေးမြူရေးဇုန်များ ဖော်ထုတ်လျက်ရှိ

နေပြည်တော်   မေ   ၁၈ 
နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန် အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် တပ်ကုန်းမြို့နယ် ကံကြီး ကျေးရွာ၊ သပြေချောင်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ပြောင်းခေါင်းကြီးကျေးရွာ၊ မင်းပြင်ကျေးရွာတို့တွင် မွေးမြူရေးဇုန်များဖော်ထုတ်၍ မွေးမြူရေးတောင်သူ များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အောင်မြင်စွာမွေးမြူ လုပ်ကိုင်နိုင်ကြစေရန်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက လိုအပ်ချက်များ   ကူညီပံ့ပိုးပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင်    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ကံကြီး မွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
 ထိုသို့စစ်ဆေးစဉ်    မွေးမြူရေးတောင်သူများ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့်   တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွေ့အကြုံ များကို ရင်းနှီးခင်မင်စွာမေးမြန်းပြီး နိုင်ငံတော်အစိုးရ ၏ စားရေရိက္ခာဖူလုံပိုလျှံရေး အလေးထားဆောင်ရွက် နေမှု၊ မိမိတို့ဝန်ကြီးဌာန၏  ဆောင်ရွက်ချက်များနှင့် မွေးမြူသူများ၏အခက်အခဲများကို ဇုန်တာဝန်ခံနှင့် တာဝန်ရှိသူများကို တင်ပြ၍  အကူအညီရယူနိုင်မှု၊ မြေယာအသုံးပြုခွင့်၊ လုပ်ကိုင်ခွင့်များကို   ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်  မွေးမြူရေးဇုန် ဆိုင်ရာညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ ကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ချက် များ၊ ဇုန်အတွင်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်းမရှိသောနေရာများတွင် အမှန်တကယ် ရင်းနှီး မြှုပ်နှံလုပ်ကိုင်လိုသူများ   လုပ်ပိုင်ခွင့်ရရှိရေး   စီမံ ဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေးထွက်ကုန် များ၏  ဈေးကွက်အလားအလာနှင့်    ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအခွင့်အလမ်းများကို ဆွေးနွေးပြောကြား သည်။ 
ဆက်လက်၍ မွေးမြူရေးတောင်သူများ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များ၏  တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင် တို့က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် မွေးမြူရေး အခြေခံကုန်ထုတ်လုပ်မှု    တိုးမြှင့်နိုင်ရေးအတွက် သတ်မှတ်ဇုန်  လေးခုတွင်  ဒေသနွား၊   နို့စားနွား၊ အသားတိုးဝက်၊  သိုး၊ ဆိတ်နှင့်ကြက်များ   မွေးမြူ လုပ်ကိုင်လျက်ရှိပြီး ဒေသ၏ အသား၊ ဥ၊ နို့စားသုံးမှု အပြင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့လည်း တင်ပို့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေးအလုပ်ရုံသို့  သွားရောက်ပြီး မြန်မာ နိုင်ငံပျားလုပ်ငန်းအသင်းက မေလ ပထမပတ်အတွင်း ပြည်ပမှတင်သွင်းလှူဒါန်းထားသည့် ပျားဘုရင်မများ ကို    ကြည့်ရှုစစ်ဆေးပြီး     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့်တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ   ပြည်ထောင်စုဝန်ကြီးက   ဥအုနှုန်း ကျဆင်းလာသည့် ပျားဘုရင်မများနေရာတွင် အစား ထိုးလဲလှယ်နိုင်ရေး၊ ပျားအုံများတိုးပွားရေးနှင့် နေကြာ စိုက်ခင်းများတွင်  စနစ်တကျ  အသုံးပြုသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်