
နေပြည်တော် ဇွန် ၃၀
နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU) နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်း အဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ရှိတွင် ပြည်သူလူထုအကြား ဝန်ဆောင်မှုပေး ရန်အတွက် စနစ်တကျလေ့ကျင့်ထားသော လူမှုဝန်ထမ်းဦးစီးဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ စီမံခန့်ခွဲလျက်ရှိပါ ကြောင်း။
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ ၂၅၉ ဦးအထိ လေ့ကျင့်မွေးထုတ်ပေးနိုင်သော်လည်း လက်ရှိတွင် ဖြစ်ရပ်များကို လက်တွေ့ကွင်းဆင်းဆောင်ရွက်နေ သည့် Case Manager ၁၂၃ ဦးသာ ရှိသည့်အတွက် မြန်မာနိုင်ငံလူဦးရေ၏ ၄၀၆၅၀ တွင် တစ်ဦးကျ အချိုးသာရှိသဖြင့် Case Manager များ ထပ်မံ မွေးထုတ်ရန်နှင့် တစ်ဦးချင်း စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်ပါကြောင်း၊ ယင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အနေဖြင့်လည်း လူမှုရေးပညာတက္ကသိုလ် တည်ထောင်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အခက်အခဲနှင့် လက်ရှိဆောင်ရွက်နေမှုအပေါ်တွင် ပိုမိုတိုးတက်စေရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြစေလိုကြောင်း။
မည်သည့်အခြေအနေမျိုးတွင်မဆို လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများသည် ရပ်တန့်၍ မရပါ ကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော စနစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်မှသာ အချက်အလက် များ တစုတစည်းတည်းရရှိပြီး ဖြစ်ရပ်များအလိုက် Case Study များ၊ သုတေသနများ၊ Case များအလိုက် မူဝါဒပေါ်လစီများ ချမှတ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ လူမှုဘဝရပ်တည်မှုအတွက် လူမှုရေး ပဋိပက္ခများ၊ အိမ်ထောင်စုအလိုက် ကြုံတွေ့ရသော အခက်အခဲများအားသိရှိ၍ ကာကွယ်စောင့်ရှောက် ရေးသာမက ဖြစ်ရပ်အလိုက် စီမံခန့်ခွဲနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်တို့က တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ သင်တန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော NCMSU ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြ ကြရာ အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းမိသားစု အားကစား ပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုရရှိသည့်အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
သတင်းစဉ်