နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွားမွေးမြူမှုများကို ထိရောက်စွာ အရေးယူသွားမည်

 

နေပြည်တော် နိုဝင်ဘာ ၁၀


ပြည်ထောင်စုနယ်မြေ     နေပြည်တော်အတွင်း စည်းကမ်းမဲ့ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေခြင်းနှင့်    လိုင်စင်မဲ့    အုတ်ဖုတ်လုပ်ငန်းများ ဆောင်ရွက်နေခြင်းများ      ပပျောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည်။ 

 


အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  နေပြည်တော်အတွင်း စည်းကမ်းမဲ့  ကျွဲ၊   နွားမွေးမြူရေးလုပ်ငန်းများ ကြောင့်  မြို့တော်၏  သန့်ရှင်းသာယာလှပနေမှုကို များစွာထိခိုက်နေကြောင်း၊ ကျွဲ၊ နွားများကို စည်းကမ်း မဲ့ လွှတ်ကျောင်းမှုများ လုံးဝမရှိအောင် သက်ဆိုင်ရာ ဌာနများအနေဖြင့်  အထူးအလေးထား   ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့အပြင်  တရားမဝင်   လိုင်စင်မဲ့အုတ်ဖုတ် လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်သစ်တော သစ်ပင်များ ထိခိုက်ပျက်စီးခြင်း၊ လယ်မြေယာမြေများ ပျက်စီးဆုံးရှုံးခြင်းအပြင်  တရားဝင်ဥပဒေနှင့်အညီ သတ်မှတ်စည်းကမ်းများဖြင့် လည်ပတ်ဆောင်ရွက် နေသည့် အုတ်စက်ရုံများမှာ များစွာထိခိုက်ဆုံးရှုံး နစ်နာလျက်ရှိ၍  တရားမဝင်   လိုင်စင်မဲ့အုတ်ဖုတ် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့်  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ  ထိရောက်စွာ အရေးယူရမည်ဖြစ်ကြောင်းနှင့်  အရေးယူဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဆွေးနွေးပေး စေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက်   ဌာနဆိုင်ရာ   တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက် ဆွေးနွေးကာ    နေပြည်တော်ကောင်စီဥက္ကဋ္ဌက   နိဂုံးချုပ်အမှာစကား    ပြောကြားခဲ့ကြောင်း   သိရသည်။


ခရိုင်(ပြန်/ဆက်)