
နေပြည်တော် ဇန်နဝါရီ ၁၃
နေပြည်တော် ဇေယျာသီရိမြို့နယ် မယင်းကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမဟောင်း မိုင်တိုင်အမှတ် ၂၃၇/ ၄ နှင့် ၂၃၇/၅ ကြား၌ ဆီဘောက်ဆာယာဉ် တစ် စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ပြီး မီးလောင်မှုဖြစ်ပွားရာ အခြားဆီဘောက်ဆာ တစ်စီးနှင့် ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်ပျက်စီးမှု ယနေ့ညနေ ၅ နာရီ မိနစ် ၅၀ခန့်က ဖြစ်ပွားခဲ့ သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ (ရန်ကုန်ဘက်မှ မန္တလေးဘက်သို့) ယာဉ်မောင်းစိစစ်ဆဲ ယာဉ်အမှတ် MDY 2R/--- ဆီဘောက်ဆာယာဉ် သည် ဇေယျာသီရိမြို့နယ် မယင်းကြီး ကျေးရွာအနီး မိုင်တိုင် ၂၃၄/၄ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ ရာ မျက်နှာချင်းဆိုင်မှ (မန္တလေးဘက်မှ ရန်ကုန်ဘက်သို့) ယာဉ်မောင်း စိစစ်ဆဲမောင်းနှင်လာ သည့် ဆီဘောက်ဆာ ယာဉ်အမှတ် MDY-3M/----က တိမ်းရှောင်ရာမှ လမ်းဘေးသစ်ပင်အား တိုက်မိ ပြီးနောက် ရပ်တန့်သွားကာယာဉ်၏ ဦးခေါင်းပိုင်းကြေမွ ပျက်စီးသွားခဲ့ သည်။ ၎င်းနောက်မှ လိုက်ပါလာ သည့်(မန္တလေးဘက်မှ ရန်ကုန်ဘက် သို့) ယာဉ်မောင်း ရဲမြတ်သူမောင်းနှင် သည့် ခရီးသည် ၄၁ ဦးပါ နန်းထိုက်စံ ခရီးသည်တင်ယာဉ်အမှတ် 3N/ ---အား အဆိုပါ(ရန်ကုန်မှမန္တလေး ဘက်သို့) မောင်းနှင်လာသည့် တိမ်းမှောက်ဆီဘောက်ဆာယာဉ်က ဆက်လက်၍ တိုက်မိမှုဖြစ်ပွားရာ နန်းထိုက်စံခရီးသည်တင်ယာဉ်နှင့် တိမ်းမှောက်ဆီဘောက်ဆာယာဉ် တို့ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်၊ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ဇေယျာသီရိ ခရိုင်ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်၊ ရွှေတွင်းကုန်းမြို့မ ရဲစခန်း ဒုတိယ ရဲမှူးကျော်ဇင်၊ ဥတ္တရသီရိခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ဆန်း၊ ဇေယျာသီရိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူတို့၏ ဦးဆောင်မှုဖြင့် ပုဗ္ဗသီရိမြို့နယ် မီးသတ်တပ်ဖွဲ့၊ ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့၊ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့များ က မီးငြှိမ်းသတ်ယာဉ် ၁၁ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ သည်။ အဆိုပါ ဖြစ်စဉ်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာ ယာဉ် ယာဉ်မောင်း တစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသပေး လျက်ရှိကာ ခရီးသည်တင်ယာဉ် ပေါ်ပါ ခရီးသည် ၄၁ ဦးနှင့် တိမ်းမှောက်ခဲ့သည့် ဆီဘောက် ဆာယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရ ရှိမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်သိန်း ၃၀၀၀ ခန့် ဖြစ် ကြောင်း သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော် ရွှေတွင်းကုန်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ဇော်ဘီ