
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုနယ်မြေနေပြည်တော် ဇေယျာသီရိ မြို့နယ် စိမ်းစားပင်ကျေးရွာရှိ နေပန်လပန် ရှေးဟောင်းစေတီတော် ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
တက်ရောက်ပူဇော်
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ် အသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ တက်ရောက် ပူဇော်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပန်လပန် ရှေးဟောင်းစေတီတော် ပရိဝုဏ် တော်အတွင်းသို့ ရောက်ရှိပြီး မဟာမင်္ဂလာမဏ္ဍပ် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရတနာစိန်ဖူးတော်မြတ်အတွင်းသို့ ဌာပနာတော်များ ကို ထည့်သွင်းပူဇော်သည်။
ပရိတ်တရားတော်များနာယူကြည်ညို
ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည် ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ယင်းနောက် သံဃာတော်အရှင် သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကိုယူဆောင်၍ စေတီတော်ဝတ္ထုကံတော်အတွင်း၌ ပက်ဖျန်းကြဲဖြန့် ချည်နှောင်ကြသည်။
လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညု ဘုရားရှင်အား ရည်မှန်းထား၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို ပါဠိ ဆရာတော်ကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ် ပူဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
လက်ယာရစ်လှည့်လည်ပူဇော်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူး တော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီး တော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာအချိန်တွင် စေတီ တော်အထွတ်၌ တင်လှူပူဇော်ကာ ပရိတ်နံ့သာရည် များ ပက်ဖျန်းပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မဟာ မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက နေပန်လပန်ရှေးဟောင်းစေတီတော်မြတ်အား ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော် မူကြပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။
ရတနာရွှေခေါင်းလောင်းတော်ကို ထိုးခတ်ပူဇော်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မင်္ဂလာ မော်ကွန်းကမ္ပည်း ကျောက်စာတော်ကို အမွှေးနံ့သာ ရည်များပက်ဖျန်းဖွင့်လှစ်၍ ရတနာရွှေခေါင်းလောင်း တော်ကို ထိုးခတ်ပူဇော်သည်။
အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော် မြတ် လေးဆူသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက်အရ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော် ခန့် ညောင်ရမ်းခေတ်တွင် တည်ထားခဲ့သောစေတီ တော်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခ ရတနာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာလောက၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော် ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ နေပန်လပန် ရှေးဟောင်းစေတီတော်မြတ် လေးဆူကို ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ အမှူးပြု သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ထားပူဇော်ပြီးစီးခဲ့ပြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် အောင်မြင် စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်