နေမိဇာတ်တော်

မြတ်မင်းလှိုင်

 

ယမန်နေ့မှအဆက်


တာဝတိံသာ နတ်ဘုရင် မာဃသိကြားမင်းသည်  အသုရာ ပြည်သို့ မထင်မရှားဝင်ရောက်ကာ သုဇာတာ နတ်သမီးကို ယူဆောင်ခဲ့ပြီး မိဖုရားကြီး တင်ထားလေသည်။ အသုရာ နတ်သည် ပြည်ကို စွန့်ရသည့်အပြင် သမီးကိုလည်း  စွန့်ရပြန် သည့် ရန်ကြွေးရန်စနှစ်ခုကြောင့် နှစ်စဉ်သခွတ်ပွင့်ချိန်တိုင်း သိကြားမင်းအား ရန်ပြုစစ်ခင်းလေ့ ရှိပေသည်။ ထို့ကြောင့် အသုရာစစ်သည်တို့ မချဉ်းကပ်ဝံ့စေရန် မာဃသိကြားမင်း ၏   ရုပ်သွင်တော်များစွာကို    ဤ   စိတ္တကုဋ်တံခါးမုခ်ပြန် တန်ဆောင်း၌ စီရင်ထားခြင်းဖြစ်သည်။ 


ထို့နောက်  နေမိမင်းကြီးအား   မာတလိနတ်သားက ခုနစ်အင်သော ရတနာအဖြာဖြာ အသွယ်သွယ်တို့ဖြင့် အံ့ဖွယ် ကောင်းလှသည့် ဘုံနန်းဗိမာန်ရေကန်ဥယျာဉ်တို့ကို ပြသ ပြီး  သုဒဿနမြို့တွင်းသို့   ဝင်လေသည်။   နတ်သဘင်၌   စည်းဝေးနေကြသော နတ်အပေါင်းတို့သည်   နေမိမင်းကြီး ရောက်လာသည်ကိုမြင်လျှင် နတ်ပန်းများဖြင့်  ပူဇော်ကြိုဆို ကြလေသည်။ 


နတ်သဘင်စည်းဝေးနေသည့်   သုဓမ္မာသဘင်သည်  ရွှေ၊ ငွေ၊ ဖလ်ပုလဲ၊ ကျောက်မျက်ရွဲတို့ဖြင့် ပြည့်လျှံနေသည်။ ဤသုဓမ္မာဇရပ်ကြီးသည် သိကြားမင်း၏ မိဖုရားသုဓမ္မာ ဒေဝီ၏ ကောင်းမှုအာနိသင်ဖြစ်ပြီး  နတ်သားအပေါင်းတို့ သည် သုံးလေးလတစ်ကြိမ်  လူ့ပြည်သို့ဆင်း၍  ကောင်းမှု ပြုလုပ်သူများ   စာရင်းကို   ကောက်ယူလျက် မှတ်တမ်းတင် သာဓုခေါ်ရာ ဇရပ်ဖြစ်လေသည်။ 


နေမိမင်းကြီးအား  သိကြားမင်း စီစဉ်ပေးသော ပလ္လင် ထက်သို့ ကြွရောက်စေသည်။ နတ်သားတို့လည်း မင်းကြီး အား  နတ်စည်းစိမ်  အလုံးစုံကို အပ်နှင်း၍ နတ်ပြည်၌သာ စိုးစံရန်၊ မင်းကြီး၏အဆုံးအမကို ခံယူလိုကြောင်း ဖိတ်မန္တက  ပြုကြသည်။  နေမိမင်းကြီးလည်း မိမိ   လူ့ပြည်သို့ဆင်း၍ သီတင်းသီလ ဆောက်တည်ကာနတ်စည်းစိမ်ကို  ထာဝရပိုင် အောင် ကြိုးစားလိုကြောင်း၊ လူအများကိုလည်း ဒါနသီလ ဖြည့်ဆည်းအောင်  တိုက်တွန်းနှိုးဆော်ပြီး ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးလိုသေးကြောင်း၊    လူ့ပြည်မှ   မိဖုရားကြီးနှင့်တကွ  ဆွေတော်မျိုးတော်တို့ စိတ်ပူပန်ခြင်းဖြစ်မည်ကြောင့် လူ့ပြည် သို့ ပြန်ခွင့်တောင်းလေသည်။ 


သိကြားမင်းလည်း ခွင့်ပြုပြီး မာတလိနတ်သားကိုပင် ဝေဇယန္တာ ရထားဖြင့်   ပို့ဆောင်စေသည်။ နေမိမင်းကြီးသည်  လူ့ပြည်သို့ ပြန်ရောက်သည့်အခါ မိမိမြင်ခဲ့ရသော ငရဲပြည်၊ နတ်ပြည်အကြောင်းတို့ကို ပြောပြဆုံးမလေသည်။ နေမိ မင်းကြီးသည် တတိယအရွယ်သို့ ရောက်သောအခါ ဆတ္တာ သည်အား ဆံပြုပြင်စေရာ   ဆံဖြူတစ်ချောင်း   တွေ့ရလေ လျှင်  ရှေးမင်းအဆက်ဆက်တို့ကဲ့သို့   သားတော်ကာလရဋ္ဌ အား       ထီးနန်းလွှဲအပ်ကာ    တောထွက်တော်မူလေ သည်။     ။