
မြတ်မင်းလှိုင်
ရှေးအခါက ဝိဒေဟရာဇ်တိုင်း မိတ္ထိလာပြည်၌ မဂ္ဃဒေဝ အမည်ရှိ သော မင်းသည် မင်းပြု၏။ ထိုမင်းသည် မုဒ္ဓါဘိသေက မင်းမျိုးမင်းနွယ် ဖြစ်၍ မင်းသားငယ်ဘဝ အနှစ်ရှစ်သောင်းလေးထောင်၊ အိမ်ရှေ့မင်း ဘဝအနှစ်ရှစ်သောင်းလေးထောင် စံစားပြီးမှ ခမည်းတော်ဘုရားက နန်းရိပ်လွှဲအပ်သဖြင့် ထီးနန်းကို အနှစ်ရှစ်သောင်းလေးထောင်တိုင် တိုင် စိုးစံ၏။
ထိုမဂ္ဃဒေဝမင်းသည် နိက္ခမပါရမီကို တောင့်တခြင်းအာသယရှိသော မင်းဖြစ်သည်။ တစ်နေ့တွင် မင်းကြီး၏ ဆံမုတ်ဆိတ်ကို ဆတ္တာသည် အား ပြင်ဆင်စေရာ ဦးခေါင်း၌ဆံဖြူတစ်ချောင်းကိုမြင်၍ မင်းကြီးအား လျှောက်ကြားလေသည်။ မင်းကြီးသည် ထိုဆံဖြူကို ရွှေမွေးညှပ်ဖြင့် နုတ်စေ၍ လက်ဝါးပြင်၌ တင်ထားပြီး ဆံဖြူကိုကြည့်လျက် ငါတို့ သေမင်း၏စာရင်းဝင် လူဖြစ်ပြီဟု မှတ်ချက်တံဆိပ်သည် နဖူး၌ထိုး နှိပ်စက်လာပြီဖြစ်၍ ငါကား ရဟန်းချိန်အရွယ်ရောက်ပြီဟု ကြံပြီး လျှင် ဆတ္တာသည်အား ကျေးစားရွာတစ်ရွာဆုပေးပြီး သားကြီးအိမ်ရှေ့ မင်းအား ပြည်စည်းစိမ်ကိုအပ်နှင်းကာ သရက်ဥယျာဉ်၌ ရဟန်းပြုလေ သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မ ဝိဟာရ ဘာဝနာတရားဖြင့် သမာပတ်နှင့်ပြည့်စုံစွာ ဈာနုကီဠနကိုပြု၍ ပျံလွန်တော်မူသည့်အခါ ဗြဟ္မာ့ပြည်၌ ပြောင်းလဲစံပယ်တော်မူ လေသည်။ သားတော်အစဉ် မြေးတော်အဆက်ဆက် မြစ်တော်အညွန့် တို့သည်လည်း ထိုနည်းတူစွာ ရဟန်းပြုကြ၍ ဈာန်အစွမ်းဖြင့် ဗြဟ္မ ပြည်၌ချည်း ရောက်ရှိကြကုန်လေသည်။
ဤသို့ရဟန်းပြုကြကုန်သော မဂ္ဃဒေဝမင်း၏ သားတော်အစဉ် မြေးတော်အဆက်ဆက် မင်းအပေါင်းတို့သည် မဂ္ဃဒေဝမင်းမှ ရေတွက် လျှင် ရှစ်သောင်းသုံးထောင်ကိုးရာကိုးကျိပ်ကိုး (၈၃၉၉၉) ယောက် တိုင်ခဲ့ပြီဖြစ်သည်။ ဗြဟ္မာ့ပြည်သို့ရောက်နေသော ထိုမင်း မဂ္ဃဒေဝသည် လူ့ပြည်ရှိ မိမိလက်ရှိ အမျိုးအနွယ်သည် ရဟန်းပြုကျင့်ခြင်း အကျင့် မပျက်ဆက်ခံမည့် မင်းဟုတ်မဟုတ်ကို ကြည့်ရှုဆင်ခြင်တော်မူ၏။ ထိုအခါ မိမိ၏အနွယ်ဆက်သည် တောထွက်သော အမျိုးအစဉ်ပျက် တော့မည်ကို မြင်ရလေလျှင် ဈာန်၏အာနုဘော်တော်အားဖြင့် ဗြဟ္မာ့ ပြည်၌ စုတေရာ မိတ္ထိလာပြည်မင်းကြီး၏ မိဖုရားဝမ်းတွင် ပဋိသန္ဓေ စွဲယူတော်မူ၏။
မိဖုရားကြီးသည် ပဋိသန္ဓေဝန်ကို ရွက်ဆောင်၍ အချိန်စေ့လျှင် ဘုန်းပညာလက္ခဏာကြီးငယ်နှင့် ပြည့်စုံပြီး ရွှေအဆင်းကဲ့သို့ အဆင်းရှိ သောဘုရားလောင်း သတို့သားကို ဖွားမြင်တော်မူလေသည်။ ဘုရား လောင်းမင်းသားအား အမည်မှည့်ရန် ပုဏ္ဏားတို့အား စည်းဝေးစေပြီး လျှင် နိမိတ်လက္ခဏာဖတ်စေသည်။ မင်းသား၏ဘုန်းအာနုဘော်သည် ခမည်းတော် ဘိုးတော် ဘေးတော် ဘီတော်အဆက်ဆက်သော ရှေးမင်းတို့ထက် ဘုန်းတန်ခိုးကြီးပြီး ဤမင်းသားနောက်တွင် အနွယ် ဆက်ခံမည့် သူ မရှိတော့ဟု ဖတ်ကြားလျှောက်ထားကြကုန်သည်။ ထို့ကြောင့် မင်းသားအား နေမိကုမာရ ဟူသောအမည်ကို ပေးတော်မူ၏။
ထိုဘုရားလောင်း နေမိကုမာရ မင်းသားသည် ငယ်စဉ်ကမှစပြီး အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်သီတင်းသုံးခြင်းတို့၌ အလွန်မွေ့လျော်တော်မူ၏။ ခမည်းတော်မင်းကြီးသည် ရှေးမင်းများကဲ့သို့ ဦးခေါင်း၌ဆံဖြူကို မြင်သောအခါ သားတော်နေမိကုမာရမင်းသားအား တိုင်းပြည်ထီးနန်းကို အပ်နှင်းအဆုံးအမပေးပြီးလျှင် သရက်ဥယျာဉ် တော်၌ ရဟန်းပြုတော်မူကာ ဗြဟ္မဝိဟာရကို ပွားစေလျက် အသက် အဆုံး၌ မပျက်သော ဈာန်အာနုဘော်ဖြင့် ဗြဟ္မာ့ပြည်သို့ ရောက်တော် မူ၏။
ဘုရားလောင်း နေမိမင်းသည် ခမည်းတော်၏ အရိုက်အရာကိုယူ၍ မင်းဖြစ်ပြီးနောက် မြို့တံခါးလေးမျက်နှာ မြို့လယ် စသည့် ငါးဌာနတို့၌ အလှူဇရပ်ကြီး တစ်ဆောင်စီဆောက်စေပြီး ရသေ့ရဟန်းရှင်လူအပေါင်း တို့အား အလိုရှိတိုင်း သုံးဆောင်ဖွယ်တို့ကို ပေးလှူစွန့်ကြဲစေ၏။ မိမိ ကိုယ်တိုင် ငါးပါးသီလကို နေ့စဉ်မပြတ် ဆောက်တည်ကျင့်တော် မူသည့်အပြင် ပြည်သူများကိုလည်း တရားပြသဆုံးမတော်မူ၏။
နေမိမင်းသည် ဤသို့အလှူပေးခြင်း သီလဆောက်တည်ခြင်း အစရှိသော ကုသိုလ်စရိုက်တရားကို မပြတ်အားထုတ်တော်မူ၏။ အတ္တဟိတ ပရဟိတတရားတို့ကို ဆောင်ရွက်တော်မူသော နေမိမင်းကြီး သည် ဒါနနှင့်သီလနှစ်ပါး၌ မည်သည့်တရားသည် သာ၍ အကျိုးကြီး၏ဟု ဝေဖန်ဆုံးဖြတ်နိုင်ခြင်းမရှိ ဖြစ်နေသည်။
ထိုအခါ ဘုရားလောင်း၏ သီလအာနုဘော်တော်ကြောင့် သိကြား မင်း၏ ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် ပူပြင်းတင်းမာသဖြင့် သိကြား မင်းလည်း လူ့ပြည်ကို မျှော်ကြည့်လေသည်။ ထိုအခါ နေမိမင်းကြီး၏ ဒါနနှင့်သီလ ယုံမှားခြင်းကြောင့် ဖြစ်သည်ကိုသိရှိလျှင် နေမိမင်းရှိရာသို့ လာရောက်ခဲ့သည်။ သိကြားမင်းသည် နေမိမင်း၏ ကျက်သရေတိုက်သို့ ဝင်ပြီးလျှင် ကောင်းကင်၌ ရပ်နေပြီး အလိုရှိအပ်သော ပြဿနာကို မေးရန်ပြောဆိုလေ၏။
နေမိမင်း၏ အမေးပြဿနာကိုကြားလျှင် သိကြားမင်းက အမြတ် ဆုံးဖြစ်သော ဒါန၏အကျိုးသည် အယုတ်ဆုံးဖြစ်သော ဥပုသ်သီလ၏ အကျိုးကို မမီနိုင်ချေ။ ဥပုသ်အင်္ဂါတစ်ခုတည်းမျှပြည့်စုံသည်ဖြစ်လျှင် ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်း စသောမင်းတို့၏ စည်းစိမ်ကိုပေးတတ်၏။ အလတ်ဖြစ်သော ဥပုသ်သီတင်းသည် လူမင်းစည်းစိမ်တို့ထက် အဆအရာမကမြတ်လှသော နတ်မင်းစည်းစိမ်ကိုပေးတတ်၏။ အမြတ် ဆုံးသော ဥပုသ်သီတင်းသည် လူမင်း နတ်မင်းတို့၏ အဆထောင်သောင်း မက လွန်မြတ်သောကိလေသာစင်သည့် ဗြဟ္မာမင်းအဖြစ်သို့ ရောက် တတ်၏ဟု ရှင်းလင်းဖြေဆိုသည်။ ထို့အပြင် သိကြားမင်းသည် ဒါနထက် သီလ အကျိုးကြီးကြောင်းကို သက်သေသာဓကများ ထုတ်နုတ်ဟောပြော လေသည်။ ထိုသက်သေဖြစ်ရပ်များမှာ ဒုဒီပအမည်ရှိသော မင်း၊ သာဂရမင်း၊ သေလမင်း၊ မုဇလိန္ဒမင်း၊ ဥသိန္ဓရမင်း၊ ကဿပမင်းတို့သည် အလုံးစုံသောကောင်းမြတ်သည့် အလှူဝတ္ထုတို့ဖြင့် ပေးလှူခြင်း၊ ပူဇော် ခြင်းဟု ဆိုအပ်သော မဟာဒါနကိုသာ ပြုဖူးကြသည်ကြောင့် ကာမာ ဝစရနတ်ပြည်သို့သာ လားခဲ့ရသည်။ အိမ်ရာမထောင်ဘဲ ခြိုးခြံစွာသော အကျင့်ကိုကျင့်ကြကုန်သော ယာမဟနုရှင်ရသေ့၊ သောမယာဂရှင်ရသေ့၊ မနောဇရှင်ရသေ့၊ သမုဒ္ဒရှင်ရသေ့၊ မာဃရှင်ရသေ့၊ ဘရဟရှင်ရသေ့၊ ကာလပုရက္ခတရှင်ရသေ့ စသည့်ညီနောင်ခုနစ်ပါးနှင့် အင်္ဂီရသရှင်ရသေ့၊ ကဿပရှင်ရသေ့၊ ကိသဝစ္ဆရှင်ရသေ့၊ အကတ္တိရှင်ရသေ့ လေးပါးတို့သည် အိမ်ရာမထောင်ဘဲ သီလဖြင့်ခြိုးခြံကျင့်ကြံကြသည်ကြောင့် ကာမာဝစရ နတ်ပြည်ကို ကျော်လွန်လျက် အလွန်သန့်စင်ကြယ်စွာသော ဗြဟ္မာ မင်း၏ အဖြစ်သို့ရောက်ရှိကြလေသည်။ ထို့ကြောင့် အလှူဒါန၏ အကျိုး ထက် ဗြဟ္မစရိယသီလ၏အကျိုးသည် အဆထောင်သောင်းသိန်းမက မြတ်သည်ကို မှတ်တော်မူလော့ဟု ဟောကြားလေ၏။ ထို့အပြင် သိကြားမင်းသည် ကိုယ်တိုင်တွေ့မြင်ဖူးသော သီဒါမြစ်ကမ်း၌ သီတင်း သုံးသော ဈာန်ရ ရသေ့တစ်ပါးအကြောင်းကိုလည်း သက်သေထုတ်၍ ဟောပြောလေသည်။
ဟိမဝန္တာရှိ ရွှေတောင်နှစ်လုံးတို့အကြား၌ နေရောင်မသန်းသဖြင့် ချမ်းမြေ့အေးကြည်လျက်ရှိသော သီဒါဖြစ်၏။ ထိုသီဒါမြစ်နား၌ နှလုံး မွေ့လျော်ဖွယ်ရှိသော မြေအရပ်၌ ရှင်ရသေ့တစ်သောင်းမျှ သီတင်းသုံး တော်မူကြလျက်ရှိသည်။ ရှင်ရသေ့အပေါင်းတို့သည် မိမိတို့ကိုယ်ခန္ဓာ၏ မျှတခြင်းသာလျှင် အာဟာရမှီဝဲကြပြီး ဈာန်ချမ်းသာဖြင့်သာလျှင် နေကြကုန်၏။
ထိုရှင်ရသေ့တို့အနက် ရှင်ရသေ့တစ်ပါးသည် ငြိမ်သက်သော ဣန္ဒြေ ဖြင့် ဗာရာဏသီပြည်သို့ ဆွမ်းခံဝင်လေသည်။ မင်းကြီး၏ပုရောဟိတ် ပုဏ္ဏားသည် ကြည်ညိုသဖြင့် အိမ်အတွင်းသို့ပင့်ဆောင်၍ ဆွမ်းဆက်ကပ် လေသည်။ ရှင်ရသေ့အား အကျွမ်းဝင်သည့်အချိန်တွင် ဟိမဝန္တာ၌ အဘိညာဉ် ငါးရပ်၊ သမာပတ်ရှစ်ဦး အထူးထူးနှင့်ပြည့်စုံကြသည့် ရှင်ရသေ့တစ်သောင်းတို့နှင့်အတူ သီတင်းသုံးတော်မူနေကြသည်ကို သိရှိရလျှင် ပုရောဟိတ်ပုဏ္ဏားသည် အဘိညာဉ်တန်ခိုးကို လိုလား တပ်မက်လေသည်။ ထို့ကြောင့် ရှင်ရသေ့သကဲ့သို့ ရဟန်းပြုလိုကြောင်း လျှောက်ထားသည့်အခါ ပုရောဟိတ်သည် ဘုရင်၏အနွယ်ဖွားဖြစ်၍ မင်းကြီးခွင့်ပြုမှ ရဟန်းပြုနိုင်ကြောင်း ဖြေကြားကာ ကောင်းကင်ခရီးဖြင့် သီဒါနဒီမြစ်သို့ ပြန်ကြွသွားလေ၏။
ပုဏ္ဏားသည် မင်းကြီးထံ ခွင့်ပန်ရာ မင်းကြီးလည်း ရသေ့ပြုပြီးက ရသေ့အသွင်ဖြင့် မြင်လို၍ ကြွရောက်ရန် မှာကြားပြီး ခွင့်ပြုလိုက်လေ သည်။ ပုဏ္ဏားသည် ဈာန်ရရသေ့ထံ လိုက်ပါ၍ ရသေ့ပြု၏။ ပုဏ္ဏားသည် ဈာန်ရဆရာရသေ့ပေးသည့်နည်းအတိုင်း ကမ္မဋ္ဌာန်းတရားကို အားထုတ် သဖြင့် အဘိညာဉ်သမာပတ်တရားတို့ကိုရ၍ မိမိအလိုရှိတိုင်း ကောင်းကင်ခရီးဖြင့် ဆွမ်းခံနိုင်လေ၏။
ထိုပုရောဟိတ်ရသေ့သည် မိမိ၏ ဝန်ခံကတိအတိုင်း မင်းကြီးထံ ကြွလာ၏။ မင်းကြီးလည်း ရသေ့ကိုမြင်လျှင် မိမိ၏ ပုရောဟိတ်မှန်း သိသဖြင့် နန်းတွင်းသို့ပင့်၍ ပူဇော်သက္ကာရပြုလေသည်။ မင်းကြီးသည် ကြည်ညိုသဒ္ဓါပွားလွန်းသဖြင့် ပုရောဟိတ်ရသေ့နှင့်အတူ ဟိမဝန္တာ၌ သီတင်းသုံးတော်မူကြလျက်ရှိသော ရသေ့တစ်သောင်းတို့အား နေ့စဉ် မပြတ် ဆွမ်းလုပ်ကျွေးရန် အခြွေအရံများနှင့်တကွ လိုက်ပါလေသည်။ မင်းကြီးသည် ရသေ့တစ်သောင်းတို့အား နေ့စဉ်မပြတ် ဆွမ်းလုပ်ကျွေး သည်မှာ အနှစ်တစ်သောင်းမျှပင် ကြာရှည်လေသည်။ မင်းကြီးသည် ဤသို့နှစ်လရှည်ကြာမြင့်စွာ ရှိခိုးဖူးမြော်ခြင်း၊ ပူဇော်ခြင်း ကြီးကျယ် လှသော မဟာဒါနကြီးကို နေ့စဉ်မပြတ်ပြုခဲ့သည့် ဒါနကုသိုလ်တို့ကြောင့် သိကြားမင်းဖြစ်လာသည်။ ရသေ့တစ်သောင်းတို့သည် ဗြဟ္မာ့ဘုံသို့ ရောက်ကြကုန်၏။
သိကြားမင်းသည် နေမိမင်းအား ဒါနကုသိုလ်၊ သီလကုသိုလ် နှစ်ပါး လုံးကို မမေ့မလျော့ပြည့်စုံအောင် ကျင့်ကြံလေရန် မှာကြားဆုံးမပြီး တာဝတိံသာနတ်ပြည်သို့ ပြန်လေသည်။ ထိုနေ့သည် လပြည့်နေဖြစ်၍ တာဝတိံသာ သုဓမ္မာသဘင်၌ နတ်တို့ အစည်းအဝေးပြုလုပ်ချိန်နှင့် ကြုံကြိုက်နေသည်။ သိကြားမင်းသည် သုဓမ္မာသဘင် နတ်တို့အလယ်၌ ခင်းထားသော သိကြားနေရာ၌ ထိုင်လျက် ကိုယ်ရောင်ပြလေ၏။ နတ်များက အရှင်မင်းကြီး အဘယ်အရပ်သို့ ကြွနေတော်မူသနည်းဟု မေးလျှောက်ကြကုန်၏။ သိကြားမင်းက လူ့ပြည်၌ ဂုဏ်သတင်း ကြီးသော နေမိမင်းကြီးသည် ဒါနအကျိုးနှင့် သီလအကျိုး ဝေခွဲမရ ဖြစ်နေသည်ကို မိမိဖြေဆိုဆုံးဖြတ်ပေးခဲ့ကြောင်း ရှင်းပြလေသည်။
ထိုအခါ နတ်အပေါင်းတို့က ဂုဏ်သတင်းကြီးသော နေမိမင်းကြီးကို ဖူးမြင်လို၍ ပင့်ခေါ်ပေးပါရန် လျှောက်ထားကြ၏။ သိကြားမင်းသည် ဝေဇယန္တာရထားမှူးဖြစ်သော မာတလိနတ်သားကို ခေါ်တော်မူစေရာ မာတလိနတ်သားသည် ရထားကို အလုံးစုံပြင်ဆင်၍ သိန္ဓောမြင်း တစ်ထောင်ကပြီးလျှင် နတ်ပြည်အရှေ့မျက်နှာ မင်္ဂလာတံခါးမှ ဆင်းသက်လေသည်။ မိတ္ထိလာပြည်သို့ရောက်လျှင် နေမိမင်းကြီးအား သိကြားမင်း ပင့်ဆောင်ရန်စေလွှတ်ကြောင်း ပြောပြလေသည်။ နေမိ မင်းကြီးလည်း ပြည်သူအများကို တရားမမေ့ရန် မှာကြား၍ ဝေဇယန္တာ ရထားထက်သို့ တက်၍လိုက်လေသည်။ လူအပေါင်းတို့သည် ငါတို့ အရှင်၏ ဘုန်းတန်ခိုးအာနုဘော်သည် လူ့ပြည်သာမက နတ်ပြည်သို့ တိုင်အောင် ကျော်စောပေသည်ဟု အလွန်အံ့ဩချီးမွမ်း ပြောဆို ရွှင်လန်းကြ၏။
နေမိမင်းကြီး ရထားထက်သို့ ရောက်သောအခါ မာတလိနတ်သားက ယခုသွားရမည့် ခရီးသည် မကောင်းမှုကို ပြုကျင့်သော သူတို့၏လားရာ ငရဲပြည်သို့သွားသော ခရီးလည်းရှိ၏။ ကောင်းမှုကိုပြုကျင့်သော သူတို့၏ စံရာ နတ်ပြည်ဘုံဗိမာန်သို့သွားသော ခရီးသည်လည်းရှိသည်။ မည်သည့် ခရီးလမ်းကြောင်းဖြင့် သွားလိုကြောင်းမေးရာ မင်းကြီးက ငရဲပြည် နတ်ပြည် နှစ်ပြည်လုံးကိုပင် မြင်လိုသည်ဟုဆို၏။
(ဆက်လက်ဖော်ပြပါမည်)