နေကြာသီးနှံ အထွက်တိုးဖို့ ပျားအုံမွေး၍ ဝတ်မှုန်ကူးစို့

Type
5

 

မောရဝတီ
 

ဝတ်မှုန်ကူးခြင်းသည် သတ္တလောကနှင့် သဘာဝဂေဟစနစ်အတွက် အရေးကြီးသောလုပ်ငန်းစဉ်တစ်ခုဖြစ်သောကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင်လည်းကောင်း၊ ဂေဟစနစ်များထိန်းသိမ်းရာတွင်လည်းကောင်း၊ ဝတ်မှုန်ကူးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဝတ်မှုန်ကူးအင်းဆက် များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် လိုအပ်ပါသည်။

 

ပန်းပွင့်ဆောင် အပင်များကို  ယေဘုယျအား ဖြင့် ပင်တည်းဝတ်မှုန်ကူးသောအပင်နှင့် ပင်ခြား ဝတ်မှုန်ကူးသော  အပင်ဟူ၍    ခွဲခြားနိုင်သည်။ ပင်တည်းဝတ်မှုန်ကူးသော အပင်များ၏ ပန်းပွင့်တွင် ပါဝင်သော အဖိုဝတ်ဆံတိုင်၊ ဝတ်ဆံမထိပ်၊  အဖို ဝတ်မှုန် ရင့်မှည့် ပေါက်ကွဲချိန်နှင့် ဝတ်ဆံမထိပ်၏ လက်ခံနိုင်မှု    စသည့်အချက်များအပေါ်   မူတည်၍ ကိုယ်တိုင်ဝတ်မှုန်ကူး     သန္ဓေအောင်နိုင်သည်။ သို့ရာတွင် ပင်ခြား ဝတ်မှုန်ကူးသောအပင်များသည် ကိုယ်တိုင်ဝတ်မှုန်ကူး သန္ဓေအောင်နိုင်ခြင်းမရှိဘဲ လေနှင့် အင်းဆက်ပိုးမွှားများ  အကူအညီဖြင့်သာ ဝတ်မှုန်ကူး သန္ဓေအောင်နိုင်သည်။
ဝင်ငွေနှစ်မျိုးရရှိ
ယခုအခါ   ပြည်တွင်းစားသုံးဆီ    ဖူလုံစေရေး အတွက် နေကြာစိုက်ဧက ၁ ဒသမ ၅ သန်း တိုးချဲ့ စိုက်ပျိုးသည့် စီမံကိန်းကိုတိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ နေကြာသီးနှံသည် ပင်ခြားဝတ်မှုန်ကူးသည့်  သီးနှံအမျိုးအစားဖြစ်ရာ ၎င်း၏ဝတ်မှုန်ကူး သန္ဓေအောင်ရန်အတွက် လူဖြင့် သော်လည်းကောင်း၊ အင်းဆက်ဖြင့်   သော်လည်း ကောင်း အကူအညီရရှိမှသာ ဝတ်မှုန်ကူးခြင်းကို ထိရောက်အောင်မြင်နိုင်မည် ဖြစ်သည်။ လူဖြင့် ဝတ်မှုန်ကူးခြင်းကို  စပ်မျိုးနေကြာထုတ်လုပ်ခြင်း တွင်သာ ဆောင်ရွက်သည်။  နေကြာ  အပါအဝင် သီးနှံအမျိုးမျိုး   စိုက်ပျိုးထုတ်လုပ်ရာတွင်  ဝတ်မှုန် ကူးအင်းဆက်ဖြစ်သော ပျားအုံများချထား၍ ဝတ်မှုန် ကူးပေးခြင်းဖြင့် ပျားမွေးသူများအတွက်ပါ အကျိုး ရလဒ်ရရှိနိုင်သည်။ ထို့အတူ စိုက်ပျိုးသူကိုယ်တိုင် ပျားမွေးမြူရေးကို   တွဲဖက်လုပ်ကိုင်လျှင်   ဝင်ငွေ နှစ်မျိုးရရှိနိုင်မည်ဖြစ်သည်။
ဂေဟစနစ်ကိုထိန်းသိမ်းပေး
ပျားများသည် ၎င်းတို့၏ သဘာဝအရ ဝတ်ရည် ဝတ်မှုန်စုဆောင်းနိုင်ရန် ပန်းပွင့်များဆီသို့ တစ်ရက် လျှင် အခေါက်ရေ ၂၀ ကျော် သွားလာစုဆောင်းကြ သည်။ တစ်ဖန်   ပျားများ၏  ခန္ဓာကိုယ်ကို   အမွေး အမျှင်များဖြင့် ဖုံးအုပ်ဖွဲ့စည်းထားသဖြင့် တစ်ပင်မှ တစ်ပင်၊ ပန်းတစ်ပွင့်မှ တစ်ပွင့် ခေါက်တွန့်လူးလာ ကူးကာ သယ်ဖို့သွားလာရင်း၊ ပျံသန်းရင်းဖြင့် ၎င်းတို့ ၏ ခန္ဓာကိုယ်တွင်  ကပ်ပါလာသော   ဝတ်ဆံဖိုများ သည် ဝတ်မှုန်ခံအပေါ် ကျရောက်ဝတ်မှုန်ကူးစေခြင်း ဖြစ်သည်။ ထို့ပြင် ပျားတို့၏ သဘာဝမှာ ပန်းမျိုးစုံ ကို   သွားတတ်ကြသော်လည်း   အရေအတွက် အများဆုံးပန်းသို့ အခေါက်ရေအများဆုံး သွားတတ် ကြသည်။  တစ်ဖန် ပျားများသည် အရောင်အမှတ် အသားကို  သိရှိကြပြီး   ယင်းတို့အတွက်   ဝတ်ရည် ဝတ်မှုန်ရရှိသည့် နေရာ၊ ပန်းခင်းနှင့် ပန်းပွင့်တို့ကို မှတ်သားထားတတ်ကြသည်။ ဤကဲ့သို့ အမျိုးအစား တူသည့်ပန်းပွင့်များကို    အဓိကထား   ဝတ်ရည် စုဆောင်းသည့် အလေ့အထကြောင့် အပင်မျိုးပွား ခြင်းကို အထောက်အကူပြုခြင်းဖြင့်  ဂေဟစနစ်ကို ထိန်းသိမ်းပေးသည်။ 
ဝတ်မှုန်ကူးပျားအုံများထားရှိ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းကို အထောက်အကူဖြစ်စေ မည့် ဝတ်မှုန်ကူးပျားအုံများ  ထားရှိခြင်းကို   ၁၉၈၆ ခုနှစ်ခန့်ကတည်းက  ဆောင်ရွက်ခဲ့ရာ   ပျားအုံများ ထားရှိခြင်းကြောင့် သီးနှံအထွက်တိုးသည့်အကျိုးတရားကို တောင်သူများ သဘောပေါက်လက်ခံခြင်း မရှိသေးချိန်က တောင်သူများအား အတော်ပင်စည်းရုံး ပြောဆိုခဲ့ရသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ပျားမွေးမြူရေးဌာနခွဲသည် ပျားမွေးမြူရေးကို အားပေးလျက်ရှိရာ လွန်ခဲ့သော   ၃၅   နှစ်ခန့်က နေကြာသီးနှံစိုက်ဧက အများအပြားစိုက်ပျိုးခဲ့သောဒေသများဖြစ်သည့် မြန်မာပြည်အလယ်ပိုင်း ဝမ်းတွင်း မြို့နယ် ရွာရှည်ကျေးရွာရှိ ဆောင်းနေကြာ စိုက်ခင်း များမှ   ပျဉ်းမနားမြို့နယ်   ရွာသစ်ကြီးကျေးရွာရှိ နွေနေကြာစိုက်ခင်းများ (လယ်ရိတ်ပြီးမှ စိုက်ပျိုး သည်) ရှိရာသို့  ရွှေ့ပြောင်းလာခဲ့ကြပြီး  တောင်သူ လယ်သမားများအား စည်းရုံးပညာပေး ညှိနှိုင်းကာ ပျားအုံများ ချထားဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ပျားရည်ထုတ်လုပ် အောင်မြင်မှုနှင့် အတူ နေကြာပွင့် အလယ်ရှိ အစေ့အဆန်များပါအဆန်တည်၍ နေကြာ တစ်ပွင့်လုံး အဆန်အောင်ပြီး အထွက်ကောင်းရရှိခဲ့ သည်။ လှေခွင်းတောင် ဘုရားပွဲကျင်းပသည့် ကာလ ပျဉ်းမနားမြို့  ကိုးခန်းကြီးဘုရား  တပေါင်းပွဲအပြီး တွင်    နေကြာရင့်မှည့်    ရိတ်သိမ်းပြီးသည့်အချိန်၌ ပျားအုံများကို  ရွှေ့ပြောင်းခဲ့ကြရသည့်    မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာ ရှိ နွေနှမ်း(သို့) ရေသွင်း နှမ်းခင်းများသည် အရေးကြီး သည့်ပျားစားကျက်များဖြစ်သည်။
တောင်သူများ  
ဝမ်းသာပိတိဖြစ်
ဌာန၏ ပျားစခန်းသည် ရွာသစ်ကြီးရွာမှ ပျားအုံ များနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရွှေ့ပြောင်းခြင်း ကို ညအချိန်တွင် ဆောင်ရွက်ရပါသည်။ ဝမ်းတွင်း မြို့နယ် ရွာရှည်ရွာရှိ ယခင်က ပျားစခန်းတည်းခိုခဲ့ သည့် နေရာဟောင်းဖြစ်သော ရွာရှည်ဘုန်းတော်ကြီး ကျောင်း အနီးရှိ နေကြာစိုက်တောင်သူ ဦးကျော်ရင် နှင့် ရွာခံတောင်သူများက ကျွန်တော်တို့ ပျားအဖွဲ့ အား ၎င်းတို့၏အိမ်များသို့ (အရပ်ခေါ် လက်ဖက်ရည် သောက်)   ဖိတ်ကာအပြန်တွင်   နေကြာဆီစစ်စစ် တစ်အိမ်လျှင် တစ်ယောက်တစ်ပုလင်းစီ လက်ဆောင် ပေးရင်း “ဆရာတို့ နောက်နှစ်ကျ စောစောလာကြ ဗျာ”  ဖိတ်ခေါ်ခဲ့ကြသည်ကို   ကြည့်ခြင်းအားဖြင့်   ပျား     မွေးမြူခြင်း၏    အကျိုးကျေးဇူးကြောင့် သီးနှံအထွက်တိုးခြင်းကို  တောင်သူများ နားလည် လက်ခံခြင်းအတွက် ဝမ်းသာပိတိဖြစ်ရသည်။ 
ကမ္ဘာ့နိုင်ငံအသီးသီးသည်    စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်   သဘာဝအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊  မြို့ပြနှင့်   စက်မှု လုပ်ငန်းများကို တိုးချဲ့လာကြခြင်းတို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်စေပြီး သဘာဝဂေဟစနစ် များ ပျက်ယွင်းလာကြသည်။ ထို့အတူ သဘာဝ အင်းဆက်များ၊ သဘာဝတောများသည်လည်း မြို့ရွာ များ၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့တည်ဆောက်လာ ခြင်း၊ စိုက်ပျိုးသီးနှံများတွင်   ပိုးသတ်ဆေး   အလွန် အကျွံ သုံးစွဲလာခြင်းတို့ကြောင့် နည်းပါးပျောက်ကွယ် လာခဲ့ရာ စနစ်တကျခေတ်မီနည်းဖြင့် မွေးမြူသော ပျားများသည်  စိုက်ပျိုးသူတောင်သူလယ်သမား များ၏    လက်တွဲဖော်    သီးနှံအပင်များအတွက် မရှိမဖြစ် မိတ်ဆွေစစ် ဖြစ်လာပါတော့သည်။       ။