
ပရီမီယာလိဂ်ပွဲစဉ် (၅)မှ စက်တင်ဘာ ၁၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် နော်တင် ဟမ်ဖောရက်စ်နှင့် ဘန်လေအသင်း ပွဲစဉ်တွင် ဘန်လေ အသင်းက ဦဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အိုဒွိုင်း၏ ချေပဂိုးကြောင့် သရေကျခဲ့သည်။ အဆိုပါ ပွဲစဉ်ကို နော်တင်ဟမ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၂၈၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ယခုနှစ်ရာသီ ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲရရှိရေးအတွက် အားထားရသည့် ကစားသမားအများစုဖြင့် ပွဲထွက်လာသော ဘန်လေ အသင်းသည် နော်တင်ဟမ်အသင်းကို အကောင်းဆုံးဖိအားပေးတုံ့ပြန် ကစားနိုင်ခဲ့သော်လည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့သည့်အတွက် နိုင်ပွဲနှင့် ဆက်လက်ဝေးကွာခဲ့ရသည်။ ပြီးခဲ့သည့် ပွဲစဉ်တွင် ချယ်ဆီးကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သော နော်တင်ဟမ်အသင်းကလည်း ရလဒ်ကောင်းရရှိရေး အသင်းကို အကောင်းဆုံးပြင်ဆင်လာသည့်အတွက် ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
ပွဲချိန် ၄၁ မိနစ်တွင် ဖော်စတာ၏ ဖန်တီးမှုကို ကွင်းလယ်တိုက်စစ် ကစားသမား ဇီကီက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့်အတွက် ဘန်လေ အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ထို့နောက်တွင် အိမ်ရှင်နော်တင်ဟမ် အသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၆၁ မိနစ်တွင် ရရှိပြီး အယိုနီရီက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန်ပြည့်ခါနီးတွင် ဘန်လေ အသင်းမှ တိုက်စစ်ကစားသမား ဖော်စတာ အနီကတ်ပြ ထုတ်ပယ်ခံ ခဲ့ရသည်။
ယခုပွဲသရေကျမှုကြောင့် နော်တင်ဟမ်အသင်းက ငါးပွဲကစားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံး ရလဒ် ရရှိထားကာ ပြိုင်ဘက် ဘန်လေ အသင်းက လေးပွဲကစားပြီး တစ်ပွဲသရေနှင့် သုံးပွဲရှုံး ရလဒ်ရရှိထားသည်။
အောင်ဇော်