နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် အရန်တံတားလွှဲပြောင်း

 

နေပြည်တော်  စက်တင်ဘာ  ၇


သံလွင်မြစ်ကူး ကွမ်းလုံတံတားသစ် တည်ဆောက် နေစဉ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းခွင် တွင်   အသုံးပြုနိုင်ရန်အတွက်    အရန်တံတားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ     လင်ချမ်းမြို့ပြည်သူ့ အစိုးရမှ  ဆောက်လုပ်ရေးဝန်ကြီးဌာနသို့  ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည်။   အဆိုပါတံတားသည် အရှည် ၁၅၅ မီတာ၊ တံတားခံနိုင်ဝန် တန်  ၅၀  ရှိပြီး ၂၀၂၁   ခုနှစ်   အောက်တိုဘာ   ၂၀    ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

 


အဆိုပါ  အရန်တံတား   လွှဲပြောင်းလက်ခံရေး အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည် တော်ရှိ  ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌  Video Conferencing ဖြင့်  ကျင်းပခဲ့ပြီး အခမ်းအနားတွင်   ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ကွမ်းလုံတံတားသစ် တည်ဆောက်ပြီးစီးသွားပါက   နှစ်နိုင်ငံ  ကုန်စည် စီးဆင်းမှု    အဆင်ပြေချောမွေ့မည်ဖြစ်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊  လတ်တလောကာလတွင်  သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ     ဘေးကင်းလုံခြုံရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စေရေးနှင့် နှစ်နိုင်ငံဒေသတွင်းရှိ ပြည်သူများလူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ကွမ်းလုံတံတား သစ်၏    အရန်တံတား   လွှဲပြောင်းပေးအပ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


ထို့နောက်    လင်ချမ်းမြို့    ပြည်သူ့အစိုးရအဖွဲ့ မှ   ကော်မတီအတွင်းရေးမှူး     Mr.ZHANG ZHIZHENG ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဦးသော်တာအောင်နှင့်   မြန်မာနိုင်ငံဆိုင်ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံ    သံရုံးစီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဌာန သံမှူး  Mr. TAN SHUFU  တို့က အမှာစကား  ပြောကြားကြသည်။

 


ယင်းနောက်   လင်ချမ်းမြို့    ပို့ဆောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. ZI XINJUN က ကွမ်းလုံ တံတားစီမံကိန်း      အရည်အသွေးစစ်ဆေးသည့် အစီရင်ခံစာနှင့်     ကွမ်းလုံအရန်တံတားစီမံကိန်း စစ်ဆေးရေးဆိုင်ရာ  အစီရင်ခံစာကို ဖတ်ကြားသည်။

 


ဆက်လက်၍    ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးတို့နှင့်  လင်ချမ်းမြို့ပြည်သူ့အစိုးရအဖွဲ့မှ  Mr.GUO  YUNYUN ၊  Mr. SHEN  XIUQIANG ၊  Mr. ZI  XINJUN  နှင့်  Mr. WANG SHIHONG  တို့က ကွမ်းလုံအရန်တံတား ပြီးစီးမှုနှင့်ပတ်သက်၍ ပူးတွဲ စစ်ဆေးမှုဆိုင်ရာမှတ်တမ်းကို လက်မှတ်ရေးထိုးကြ ပြီး လင်ချမ်းမြို့ အစိုးရအမှုဆောင် ဒုတိယမြို့တော်ဝန် က   အမှာစကားပြောကြားကာ    ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။


သတင်းစဉ်