
တိုင်းရင်းသားပြည်သူတစ်ဦး
အချိန်အခါသင့်၍ ပြုသင့်ပြုထိုက်သည့် ငြိမ်းချမ်းရေးကမ်းလှမ်း ချက်တစ်ခု၊ ကမ်းလှမ်းလိုက်ပါပြီ။
မလွတ်တမ်းဆုပ်ကိုင်သင့်သည့် အခွင့်အလမ်းကောင်း တစ်ခု။ အနည်းဆုံးတော့ ကိုယ့်ဒေသက ကိုယ့်အမျိုး ကိုယ့်တိုင်းရင်းသား လူမမည်ကလေးသူငယ် လူငယ်လူရွယ်တွေ၊ ဒုက္ခနွံတွင်း သက်ဆင်း နေရတဲ့ အမျိုးသမီးတွေ၊ အဘိုးတွေအဘွားတွေ၊ ပြီးတော့တစ်နိုင်ငံလုံး က တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ စုပေါင်းနေထိုင်ကြတဲ့ ဒို့အမျိုးတွေ အားလုံးအတွက် စဉ်းစားရမည့်၊ ပြည်ထောင်စုကြီး အတွက် စဉ်းစားရမည့် အချိန်အခါသင့်ပါပြီ။
လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းသေးတာ၊ ငြိမ်းချမ်း ခြင်းရဲ့ အသီးအပွင့်တွေဆိုတာ ဘာမှန်းမသိ၊ ကင်ဆာလိုအမြစ် တွယ်နေတဲ့ စစ်ပွဲတွေကို အပြီးသတ် ချုပ်ငြိမ်းပါစေဆိုတဲ့ စေတနာ နှင့်ဖြစ်သည်။ အထူးသဖြင့်တော့ နယ်စွန်နယ်ဖျားတွင် ယခုလက်နက် ကိုင်အဖွဲ့အစည်းတွေရှိနေတဲ့ ဒေသတွေက ကိုယ့်အမျိုးတွေမျက်နှာကို ပို၍ အလေးထား ထောက်ရှုသင့်ပါပြီ၊ လက်နက်တွေဘေးချပြီး စားပွဲဝိုင်းမှာ အဖြေရှာကြဖို့ အချိန်ရောက်ပါပြီဟုသာ ဆိုလိုက်ချင် ပါသည်။
အားလုံးကအပြုသဘော မျှော်လင့်နေကြပြီ
ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ချက်များသည် ယခုအကြိမ်နှင့် ပါဆိုလျှင် သုံးကြိမ်မြောက် ရှိပြီဖြစ်သည်။ ယခုလိုကာလတွင် ဤလိုကမ်းလှမ်းချက်မျိုးကို တိုင်းရင်းသားတွေက ပို၍မျှော်လင့်ချက် ထားကြမည်ဖြစ်သလို ပြည်သူအားလုံးကလည်း ဝမ်းပန်းတသာ ကြိုဆိုနေကြမည်သာဖြစ်သည်။ အပြုသဘောဆောင်သော မင်္ဂလာ သတင်းအပေါ် အပေါင်းလက္ခဏာဆောင်သော အမြင်များ၊ အပြော များကို ပို၍ကြားနေမြင်နေရသည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း ပြည်သူများ၏အသံကို ပို၍ဂရုစိုက် နားထောင်သင့်ကြပါသည်။
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေအတွက် တကယ်တမ်း စေတနာထားသည့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်မဆို လက်မလွတ်သင့်သည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။ စားပွဲဝိုင်းမှာ သံသယမျက်လုံးများဖြင့် အဖြေမရှာဘဲ နားလည် ယုံကြည်မှုအပြည့်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အဖြေရှာဖို့ အချိန်ရောက်ပါပြီ။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ၊ ခံစားချက်တွေကို လေးစားပြီး မိမိနေထိုင်ရာ မိမိခိုအောင်းရာ ဝန်းကျင်က စစ်ဘေးသင့် တိုင်းရင်းသားတွေကို စာနာနားလည်ကရုဏာစိတ်ဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းများဆီသို့ လာရောက်ကြဖို့၊ လောကကြီးကို ငြိမ်းချမ်း စေချင်တဲ့ စိတ်ဖြင့် ပူးပေါင်းကြဖို့ ညှိနှိုင်းကြဖို့ အားလုံးက မျှော်လင့် နေကြပါပြီ။
တပ်မတော်နှင့်လက်တွဲ၍ လျှောက်လှမ်းစေချင်
ငြိမ်းချမ်းရေးနှင့် လက်နက်သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သလို ဒီမိုကရေစီနှင့် လက်နက်ကိုင်အယူအဆ၊ ဖက်ဒရယ်နှင့် လက်နက်ဆိုသည်မှာလည်း ဆန့်ကျင်ဘက်တရားများသာဖြစ်သည်။ မငြိမ်းချမ်းသမျှ နိုင်ငံရေးမှာ တပ်မတော်၏ အခန်းကဏ္ဍဆက်ရှိနေ ဦးမှာဖြစ်သည်။ လက်နက်ရဲ့အရသာထက် ငြိမ်းချမ်းရေး အရသာက ပိုချိုမြိန်သည်ကို အားလုံးကသိပါသည်။ ကိုယ့်နယ်မြေနှင့်ကိုယ်၊ ကိုယ့်အပိုင်နှင့်ကိုယ် အနေအစားအဆင်ပြေရုံ၊ အာဏာတည်ဆောက် နေရုံမျှဖြင့် မပြီးသေးပါ။ ကိုယ်ပိုင်သောကိုယ့်ဒေသမှာပင် ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘာမှမလုပ်နိုင်သေးသရွေ့ တာ၀န်မကျေသလို မခံစားရဘူးလားဟု မိမိကိုယ်မိမိ မေးခွန်းထုတ်စေချင်သည်။ ထို့ကြောင့် ဦးတည်ရာမဲ့ ဆူးခင်းသောလမ်းတွင် တစ်လမ်းတည်း ရွေးလျှောက်မယ့်အစား နိုင်ငံတော်က ဖွင့်ထားသည့်လမ်း၊ ရွေးချယ်ခွင့်ပေးထားပြီး ရောက်နိုင် တဲ့လမ်းအားလုံးကို တပ်မတော်နှင့်လက်တွဲ၍ လျှောက်လှမ်း စေချင်ပါသည်။ စေတနာပါပါ လျှောက်လျှင် ရောက်ပါသည်။ ကိုယ့်ပြည်တွင်းရေး ကိုယ့်ပြဿနာ ကိုယ့်ဘာသာကိုယ် ရှင်းလို့ရပါ သည်။ ဘယ်သူမှပါစရာမလို၊ ဘယ်သူ့ဩဇာမှခံစရာမလိုဟု သဘော ပိုက်ရပါမည်။
ပိတ်နေတဲ့လမ်းအားလုံးအတွက် ထွက်ပေါက်တစ်ခုအလား
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံကြီး နှစ် ၇၀ ကျော် ကြာအောင်ဖြစ်နေရတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနွံမှ ရုန်းထွက်ရန် အခြေအနေကောင်းတစ်ခု ထင်ထင်ရှားရှား မြင်နေ ရပါပြီ။ ငြိမ်းချမ်းရေးလမ်းစ အစပျိုးမှုအကြိမ်ကြိမ်၊ အစအလယ် ကောင်းမှု အခါခါရှိခဲ့သော်လည်း နီးလျက်နဲ့ဝေး အောင်မြင်မှု လမ်းဆုံး သို့တိုင် မရောက်နိုင်သေးပါ၊၊ ဒီတစ်ကြိမ်ဖိတ်ခေါ်ချက်ကမူ ပိတ်နေတဲ့ လမ်းအားလုံးအတွက် ထွက်ပေါက်တစ်ခု ဖြစ်လေမည်လား.. အပြု သဘောတွေး၍ အားလုံးပါဝင် ချဲ့ထွင်ကြဖို့သာလိုသည်။
အတိတ်ကိုချည်းပြန်တူးဆွနေ၍မပြီးဘဲ ယခုပစ္စုပ္ပန်တည့်တည့် ကို မျက်ခြည်မပြတ် လေ့လာသုံးသပ်နေကာ အတိတ်ထက် အနာဂတ် ကို ပို၍ကြည့်ကြဖို့သင့်ပါပြီ။ အထူးအလေးထားရမည်မှာ နိုင်ငံ၏ အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးရေးဖြစ်သည်။ ယနေ့ ပစ္စုပ္ပန်တည့်တည့်မှာ ရောက်နေတဲ့ ကလေးတွေ လူငယ်တွေ၊ မွေးဖွားပြီးစ သားတွေသမီးတွေ၊ သူတို့ရဲ့အနာဂတ်နဲ့ သူတို့ပိုင်မယ့်နိုင်ငံ့အနာဂတ်အထိ မြင်ကွင်းကောင်းကောင်းဖြင့် မြင်ကြည့် မျှော်တွေးပေးကြပါဟု တောင်းဆိုလိုရင်းဖြစ်သည်။
နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး
ကိုယ်တစ်ယောက်တည်း၊ ကိုယ်တစ်ဖွဲ့တည်း ကောင်းစားဖို့ မဟုတ်၊ အားလုံးအတွက် မျှမျှတတကြည့်သင့်ကြသည်။ ကိုယ့်ဘက် မပါတိုင်း ကိုယ့်အလိုမကျတိုင်း အရာရာငြင်းဆန်နေခြင်းသည် အများအတွက် မစဉ်းစားတတ်သော တစ်ဘို့တည်းသမား အတ္တ များသူဟု ဆိုထိုက်သည်။ အနာဂတ်ဟုဆိုရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ် လမ်းပြမြေပုံအတိုင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံးမြို့အနှံ့၊ နယ်အနှံ့ ကျင်းပပေးပြီး အနိုင်ရပါတီအား စည်းကမ်းတကျ အာဏာလွှဲပြောင်းပေးနိုင်ရေး ဆိုသည်ကို မျက်ခြည်မပြတ်သင့်။ ငြိမ်းချမ်းရေးမရလျှင် ရွေးကောက်ပွဲ များကို ကျင်းပပေးနိုင်မည်မဟုတ်သည်မှာ အထူးစဉ်းစားစရာမလို၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို အပတ်တကုတ်ဖော်ဆောင်နေခြင်းဖြစ် သည်။ ရွေးကောက်ပွဲပုံစံက အားလုံးပါ၀င်ခွင့်ပေးထားမည့် အချိုးကျ ကိုယ်စားပြုစနစ် PR ဖြစ်နေသည်၊ ထို့အတွက် ငြိမ်းချမ်းရေးသည် နိုင်ငံ့အရေးလည်းဖြစ်သည်၊ ပြည်သူ့အရေးလည်းဖြစ်သည်သာမက ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးလည်းဖြစ်သည်ကို အလေးထား အတွေးပွားစေချင်လှသည်။
ထာဝရငြိမ်းချမ်းရေးအတွက် လက်တွေ့ကျသည့်ဖိတ်ခေါ်ချက်
ယနေ့ဖိတ်ခေါ်ချက်သည် လက်ရှိ စစ်ရေးပဋိပက္ခအချို့ရှိနေ သည့်ကြားမှ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံအကြီးအကဲကိုယ်တိုင် တာ၀န်ယူ တာဝန်ခံမှုအပြည့်ဖြင့် TV ဖန်သားပြင်ရှေ့ထွက်၊ တစ်ကမ္ဘာလုံးကသိအောင် ဖိတ်ခေါ်ပြသလိုက်ခြင်းလည်းဖြစ်သည်။ အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် ဦးဆောင်သူအချင်းချင်းက တိုင်းရင်းသားပြည်သူများအတွက် ရိုးသားပွင့်လင်းစွာ တွေ့ဆုံကြရန် စေတနာထက်သန်စွာဖြင့် ပန်ကြားသည့် ဖိတ်ခေါ်ချက်တစ်ခုဖြစ်သလို လက်တွေ့ကျကျ အပြီးအပြတ်အကောင်အထည်ဖော်နိုင်မည့် လမ်းစ တစ်ခုအဖြစ်လည်း ပြည်သူများက မြင်နေသည်။ ဤအချက်ကို တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပွင့်လင်းရိုးသားစွာဖြင့် အပြုသဘော ချဉ်းကပ်လေ့လာသုံးသပ်ဖို့လိုပါသည်။ ပဋိပက္ခနှင့် အကြမ်းဖက်နည်းလမ်းများအစား ပဋိပက္ခ ချုပ်ငြိမ်းရာ အကြမ်းမဖက် လမ်းစဉ်ကို ဆွေးနွေးအဖြေရှာသင့်သည်ဟုမြင်ပါသည်။
ငြိမ်းချမ်းရေးလိုလားသူသည်သာ နှလုံးရည်သတ္တိနှင့် ပြည့်ဝသူ
ချဉ်းကပ်မှုတိုင်းကို အဓိပ္ပာယ်ဖော်တာ မှန်ဖို့လည်း လိုပါမည်။ ပြည်သူ့မျက်နှာကြည့်၍ ကိုယ့်တိုင်းရင်းသားများ ကြီးပွားတိုးတက်ပြီး ငြိမ်းချမ်းသာယာရေးကို ထာဝရရှေးရှုနေသူများအတွက် အဓိပ္ပာယ် ကောက်ယူမှု မှားနိုင်စရာ အကြောင်းမရှိပါ။ ပြည်သူများ ကလည်း ငြိမ်းချမ်းရေးအတွက် နှလုံးရည်သတ္တိပြည့်ဝသူများကိုသာ တွေ့ချင် မြင်ချင်ကြသလို ငြိမ်းချမ်းရေးလိုလားသူကိုသာ ငြိမ်းချမ်း ရေးအတွက် သတ္တိရှိသူဖြစ်သည်ဟု မှတ်တမ်းတင်ကြမည်ဖြစ် ပါသည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာခြင်း၊ မလာခြင်းသည် တိုင်းရင်းသားတို့ အပေါ်ထားသော တစ်ဦးချင်း တစ်ဖွဲ့ချင်း၏ စေတနာ မေတ္တာသာလျှင်ဖြစ်၍ စေတနာကောင်းလျှင် ကံကောင်းမည် ဖြစ်ပြီး အကျိုးဆက်လည်း ကောင်းလာမည်ဟု များစွာမျှော်လင့်မိ ပါသည်။
အခွင့်အရေးကောင်းကို အားသာချက်အဖြစ်အသုံးချစေလို
မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာရေးအတွက် သမိုင်းဝင် ဆွေးနွေးပွဲကြီးတစ်ခုတော့ အသေအချာဖြစ်လာတော့ မည်ဟု ယုံကြည်ထားကြပါသည်။ အားလုံး၏ မျှော်လင့်ချက်ဖြစ်၍ အကောင်းဆုံး ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ကြမည်ဟုလည်း ယုံကြည်ထားပါသည်။ ညှိနှိုင်းမှုတိုင်းတွင် သူဖြစ်ချင်တာနဲ့ ကိုယ်ဖြစ် ချင်တာ အနီးစပ်ဆုံးဖြစ်အောင် ပြောကြဆိုကြရစမြဲဖြစ်သည်။ မဖြစ် နိုင်သော တောင်းဆိုမှုတွေနှင့် အချိန်ကုန်ပြီး ငြိမ်းချမ်းရေးကို အပျက်မခံကြပါနှင့်၊ မဖျက်ဆီးကြပါနှင့်ဟုသာ ပြည်သူများက တောင်းဆိုနေကြပါသည်။
ခင်းပေးထားသောလမ်းပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သော အခွင့် အရေးကိုအရယူ၍ မျှတသောတောင်းဆိုမှုများဖြင့်သာ မိမိအတွက် အားသာချက်များကို ရယူတည်ဆောက်နိုင်သည်ဟု ခံယူထားရပါမည်။
သို့ဖြစ်၍လည်း တိုင်းရင်းသားပြည်သူစစ်စစ်တွေ ကိုယ်စား “ဆိုရေးရှိက ဆိုအပ်လှသည်” ဆိုသလို နာသည်၊ မနာသည်ထား ပြောလိုက်ချင်ပါသည်။ အားလုံးဖွံ့ဖြိုးရေးအတွက် အချိန်မရှိတော့ပါ၊ အဆိပ်ပင်ကို ဆက်၍ ရေမလောင်းသင့်တော့ပါ၊ အလှတရားစစ်စစ် ကိုသာ ပြည်သူအားလုံးက မြင်လိုလှပါပြီ။ ယခုလိုကာလတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဘယ်အရာကို ဦးစားပေးရယ်လို့မရှိ၊ ကဏ္ဍအားလုံး ဘက်စုံအရေးကြီးသည်ဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် တက်သုတ်ရိုက်ပူးပေါင်းလုပ်ကြရမည့် အချိန်အခါပင်ဖြစ်ပါသည်။ ပြည်သူရော၊ တိုင်းရင်းသားရော၊ နိုင်ငံပါ နာလှပြီဖြစ်၍ အခွင့်အလမ်း ကောင်းကို လက်မလွတ်ဘဲ တစ်ပြိုင်တည်းတွန်းရမည့် အချိန်ရောက် ပါပြီ။ အားလုံးမှာ တာဝန်ရှိနေပါပြီ၊ ပြည်သူ့အတွက် တာဝန်ခံကြဖို့ သင့်ပါပြီ။
ငြိမ်းချမ်းရေးခရီး အနီးဆုံးလမ်းဖြင့် ရောက်အောင်သွား၍ စစ်ဘောင်ကို မချဲ့ကြစေလိုတော့ပါ။ ဓမ္မနှင့် အဓမ္မအကြား မတွေဝေ ပါနှင့်၊ နောင်မှတရသော နောင်တသည် အကျိုးမရှိမူ၍-
- သမိုင်းတရားခံများအဖြစ်သို့ အရောက်မခံကြပါနှင့်။
- သည်းခံချုပ်တည်းစောင့်ထိန်းခြင်းတွေ များကြပါစေ။
- အမှန်သိ၍ မှန်သောလမ်းအတိုင်း လျှောက်နိုင်ကြပါစေ။
- တိုင်းရင်းသားပြည်သူ အားလုံးအတွက် ပြတ်သားတဲ့
ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါစေ" ဟူ၍သာ....
အမျှော်လင့်ကြီး မျှော်လင့်နေမိပါတော့သည်။
- Log in to post comments