
နှစ်သစ်ဩဝါဒ
==========
နှစ်ဟောင်းကို ကျိန်ဆဲနေသရွေ့ နှစ်သစ်ရောက်မလာဘူး
====================================
အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာအရှင်ဓမ္မသာမိ
ပါမောက္ခချုပ် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်
နှစ်သစ်ကို ရုပ်ဝတ္ထုပစ္စည်းအမျိုးစုံ သုံးစွဲ၍ လူအများတို့ ကြိုဆိုကြ၏။ တချို့မှာ နှစ်သစ်ကူး မုန့်ပဲသရေစာလုပ်၍ နှစ်သစ်ကို ကြိုဆိုကြသည်။ ဥပမာ တရုတ် လူမျိုးများ၏ လမုန့်၊ မြန်မာလူမျိုးများ၏ မုန့်လုံးရေပေါ်၊ မွန်ဂိုလီးယားလူမျိုး များ၏ အူးလ်ဘုမုန့်၊ ရှမ်းလူမျိုးများ၏ မုန့်ဖက်ထုပ်တို့ဖြစ်သည်။ တချို့နှစ်သစ် ကူးမှာ ခေါင်းဆေးခေါင်းလျှော်ပြုလုပ်၍ ကြိုဆိုကြသည်။
နှစ်သစ်ကိုကြိုဆို
လူငယ်တော်တော်များများမှာမူ အရက်သေစာသောက်စား၍ နှစ်သစ် ကို ကြိုဆိုလေ့ရှိကြသည်။ တချို့မှာ မီးရှူး မီးပန်းများ အကြီးအကျယ်ပစ်ဖောက်၍ ကြိုဆိုကြသည်။ ဤကဲ့သို့သော ပြင်ပပစ္စည်းများဖြင့် နှစ်ဟောင်းကို နှုတ်ဆက် ၍ နှစ်သစ်ကိုကြိုဆိုရန် ကြိုးစားကြသည်။
ယင်းကဲ့သို့ နှစ်ဟောင်းကိုနှုတ်ဆက်သော်လည်း နှစ်ဟောင်းမှစိတ်ဒဏ်ရာ များကို နှစ်ဟောင်းတွင် မထားနိုင်ခဲ့၊ သက္ကရာဇ်သစ်သို့ အတုံးလိုက်အတစ်လိုက် မိမိနှင့်အတူ သယ်လာကြသည်။ နှစ်ဟောင်းမှ မကျေနပ်ချက်များကို သတိရ တိုင်း အဖန်ဖန်စားမြုံ့ပြန်သည်။ စိတ္တဗေဒတွင် rumination အတိတ်ကို အကျင့် အရ မကြာခဏတွေးတောစေခြင်းဟု ဆိုသည်။
မသိစိတ်မှလာသော အကျင့်ဖြင့် တွေးမှန်းမသိတွေးနေပါက ဒဏ်ရာ ဟောင်းများကို ကုစားပျောက်ကင်းစေမည့်အစား ပို၍ပင် ရင့်ကျက်ဆိုးရွားပြီး အားကောင်းစေမည်။ အတိတ်၏ စိတ်ဒဏ်ရာဒဏ်ချက်များကို ကုစားခြင်းသည် လူသားများအတွက် အခက်ခဲဆုံးအရာတစ်ခုဖြစ်သည်။ အကြောင်းမှာ မိမိ၏ စိတ်ဒဏ်ရာဒဏ်ချက်များကို အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်ဆုပ်ကိုင်ထားကြ သောကြောင့်ဖြစ်သည်။ မည်သူက ငါ့ကိုဘယ်လိုမဟုတ်မမှန် အတင်းပြောသည်၊ ငါ့ကို မနာလိုဖြစ်သည်၊ ငါ့ကိုအကျိုးမဲ့အောင် ကြံစည်ပြောဆိုသည် စသည်ဖြင့် စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည်။ အတိတ်အတွေ့အကြုံကို ထိုကဲ့သို့ ရှုမြင်ခြင်းသည် အာဃာတအငြိုးထားသောစိတ်ပင်ဖြစ်သည်။
အကောင်းမြင်ဝါဒကို ဖျက်ဆီးတတ်သောကြောင့် အတိတ်အကြောင်းကို တွေးမိတိုင်း စိတ်ညစ်တတ်၊ အငြိုးမီး ထလောင်တတ်သောစိတ်ကို ဒုဌောဒေါ သော - မိမိက ဒေါသ၏ ဖျက်ဆီးမှုကိုခံရသဖြင့် အခြားသူကို အလွယ်စိတ်ဆိုး တတ်သူ၊ အဆိုးမြင်ဝါဒဖြင့် ဖျက်ဆီးတတ်သူဟု စာတင်ထားပါသည်။
မိမိနှလုံးသားကို အတိတ်၏မည်းနက်သော လောင်းရိပ်မှ လွတ်မြောက် အောင် မဆောင်ရွက်နိုင်သေးသူဟု ဆိုရပါမည်။ ထိုကဲ့သို့သောသူသည် နှစ်ဟောင်း ဖြစ်သော ၂၀၁၉ တည်းဟူသော ခုနှစ်ကို အကြိမ်ကြိမ်စိတ်ဆိုးနေပါဦးမည်။
အထင်ရှားဆုံးမြင်ရသည်မှာ ကျောင်းတော်က ရန်စများကို မကုစားကြ ခြင်း၊ ကျောင်းတော်က စိတ်ဒဏ်ရာများကို အကြောင်းပြု၍ မိမိဒဏ်ရာအတွက် အများ၏ အသိအမှတ်ပြုမှုကို တောင့်တနေခြင်း၊ မိမိစိတ်ဒဏ်ရာများကို နားမလည် လက်မခံသူများကို ရန်သူဟု သတ်မှတ်ခြင်းတို့ ပါဝင်သည်။ ထိုသူ များသည် စိတ်ဖိစီးမှုအကြောင်းတရားများ (stressor)ကို မွေးမြူထားသဖြင့် စိတ်ခံစားမှုထိလွယ်ရှလွယ်သည်။ အလွယ်တကူပေါက်ကွဲလွယ်ကြသည်။
မည်သူမျှအသိအမှတ်မပြုကြ
ထိုကဲ့သို့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပေါက်ကွဲလွယ်မှုကြောင့် ဆဲဆိုလွယ်ကြ သည်။ တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်ကြတော့ပါ။ မကြာသေးမီက အာဆီယံဗိုလ်လုပွဲတွင် အင်ဒိုနီးရှားအသင်းကို ရှုံးသွားသော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပါက ထင်ရှားစွာ သိမြင်နိုင် မည်။ ဒုတိယဆုရရှိသည်ကို လူအများစုက တန်ဖိုးမသိ ဂုဏ်မယူမိကြ။ ဗိုလ်လု ပွဲတွင် လေးဂိုးနှစ်ဂိုးဖြင့် ရှုံးနိမ့်သည်ကိုသာ မှတ်မိကြသည်။ ဗိုလ်လုပွဲအထိ ကြိုးစားခဲ့သည်များကို မည်သူမျှအသိအမှတ်မပြုကြပါလားဟု ဘောလုံးသမား များ အားငယ်စိတ် ဝင်နိုင်ပါသည်။ အဆိုးကိုသာ ချဲ့ထွင်ရှုမြင်ပြီး အကောင်းကို လုံးဝလျစ်လျူရှုထားသကဲ့သို့ဖြစ်နေသည်။ ထိုအဆိုးမြင်အကျင့် (habitual pessimism)ကြောင့် စိတ်တိုင်းမကျသည့်အခါတိုင်း တိုင်းထွာဆဲရေးဖို့ ဝန်မ လေးတော့၊ ဆဲရေးရမှ စိတ်ထဲပေါ့ပါးသည်ဟု ယူဆသည်လားမသိပါ။
အလွယ်တကူ စိတ်ဆိုး၊ ပေါက်ကွဲ၊ ဆဲရေးတတ်သူများသည် ဦးနှောက် ပိုင်းဆိုင်ရာ သုတေသနအရ Amygdala လို့ခေါ်တဲ့ နောက်ပိုင်း ဦးနှောက်ကြီး လွန်း တက်ကြွနေလွန်းသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အစစအရာရာမှာ အကြောက်တရားကိုသာ အာရုံပြုလေ့ရှိခြင်း (threat-focused) အကျင့် ကြောင့် ဖြစ်ပေသည်။ စိတ္တဗေဒအရဆိုလျှင် စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတစ်မျိုး ပင်ဖြစ်သည်။ ဒေါသမူစိတ်အားကောင်းလွန်းသည်ဟု အဘိဓမ္မာရှုထောင့်မှ ဆိုရပါမည်။ မကြာမီက နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာ အိုင်စီဂျေတရားရုံးတော်၌ အာဖရိကတိုက်မှ ဂမ်ဘီယာနိုင်ငံက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအား ရခိုင်ပြည်နယ် အရေးအခင်းနှင့်ပတ်သက်၍ တရားစွဲဆိုရာမှ နှစ်နိုင်ငံတို့က ဒီဇင်ဘာလ ဒုတိယရက်သတ္တပတ်တွင် တရားရင် ဆိုင်ကြရာ၌လည်း လူတော်တော်များများ၏ စိတ်ခံစားမှုပိုင်းဆိုင်ရာ မထိန်း နိုင်မှု၊ ပေါက်ကွဲမှု၊ ဆဲဆိုမှုသည် စိတ်ဓာတ်ခိုင်မာခြင်း(emotional resilience)၏ သင်္ကေတမဟုတ်ပါ။ အမှန်မှာ စိတ်ခံစားမှုကိုင်တွယ်ခြင်း (emotional regulation)အားနည်းမှုဟုပင် ဆိုနိုင်သည်။
ပြဿနာကိုဖြေရှင်းရာ၌ အထောက်အကူမဖြစ်နိုင်ပါ။ အဟန့်အတားပင် ဖြစ်နိုင်ပါသေးသည်။ ဆဲရေးတိုင်းထွာမှုသည် လူတစ်ဦးစိတ် အဆင့်အတန်းကို နိမ့်ကျစေသည်။ ထို့ပြင် လူ့အသိုင်းအဝိုင်းကို အလွယ်တကူ စိတ်ဝမ်းကွဲစေ သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာပညာရေးတွင် တတိယအရေးအပါဆုံး သင်ခန်း စာအဖြစ် ကိုရင်အသစ်များကို ကြပ်မတ်သင်ကြားပေးရသည်။ သာမဏေများ အတွက် ပထမအရေးအကြီးဆုံး သင်ခန်းစာမှာ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးတို့ကို အမြင်မှန် ရည်ရွယ်ချက်မှန်ဖြင့် သုံးစွဲမှုအသိပညာ (education of consumption)ဖြစ်ပြီး ဒုတိယအရေးအကြီးဆုံးမှာ သာမဏေအဖြစ်ကို ဆုံးရှုံးစေသည့် အပြစ် ၁၀ မျိုးပင်ဖြစ်ပါသည်။ ဆဲမောင်းကြိမ်းဆိုခြင်းအကျင့် ကို ပယ်ဖျောက်နိုင်စေရန်အတွက် ဆဲရေးသူ ကိုရင်သာမဏေကို ကရုဏာ ဖြင့် သူ၏ ဥပဇ္စျာယ်ဆရာက ဒဏ်ပေးရပါသည်။ ဆဲရေးတတ်သူရဟန်းများလည်း သံဃာအများရှေ့တွင် မိမိအပြစ်ကိုဝန်ခံခြင်းဖြင့် အပြစ်ကို ကုစားအာပတ် ဖြေရပါသည်။ မိမိအကျင့်ဆိုးမှ ဖြစ်ပေါ်လာနိုင်သော သံဃာ့အဖွဲ့ဝင်များ၏ စိတ်ဒဏ်ရာကို တစ်နည်းအားဖြင့် ကုစားခြင်း(healing)ပင် ဖြစ်သည်။ ဆဲရေး တတ်သည့် အကျင့်သည် ဦးနှောက်၌ ဒေါသဆိုင်ရာ နူရွန်ကလာပ်စည်းများကို ပို၍များစေသည်။ တစ်ခါဆဲတိုင်း ယင်းကလာပ်စည်းတစ်ခုကို ဖြစ်ပေါ်စေသည်ဟု ပင်ဆိုကြသည်။ ဒေါသ၏ စိတ္တဇရုပ်အပေါ် စိုးမိုးမှုပင် ဖြစ်သည်။ ဆဲရေးခြင်း အကျင့်ကို နည်းပါးပျောက်ကင်းစေရန်နှင့် ယင်းအကျင့်နှင့် ဆက်နွှယ်သော ကြောက်စိတ်ကို နည်းပါးသွားစေရန် မိမိကိုယ်ကို မေတ္တာပွားရပါမည်။
ကရုဏာအသိဖြင့် ကုစား
နှစ်ဟောင်းများက စိတ်ဒဏ်ရာများကိုလည်း ကရုဏာအသိဖြင့် ကုစားရ ပါမည်။ မိမိကိုယ်ကိုကြင်နာမှုအကျင့် မွေးပေးရပါမည်။ မေတ္တာ ကရုဏာအကျင့် သည် ကြောက်စိတ်ကို နည်းပါးစေကာ အများ၏အကျိုးစီးပွားကို တွေးတတ် သည့် pro-social အတွေးကို ဖြစ်ပွားစေသည်။ အတွေးကိုထက်မြက်ကောင်းမွန် စေသည်။ ဤကဲ့သို့ နှစ်ဟောင်းမှ အပြစ်များကို ကျိန်ဆဲမည့်အစား မေတ္တာ ကရုဏာ ဖြင့် ပွေ့ပိုက်သူ၊ စိတ်ဒဏ်ရာကို ကုစားသူများအတွက်သည်သာ နှစ်သစ် သည် အမှန်တကယ် ရောက်လာပါမည်။ အနာဂတ်သည် တောက်ပလာပါမည်။ နှစ်သစ်ကို အမှန်တကယ်ကြိုဆိုနိုင်ကြပါစေ။ သုခီဟောထ၊ အဗျာပဇ္ဇာဟောထ၊ ကျန်းမာချမ်းသာကြပါစေ။ စိတ်ဆင်းရဲခြင်း ကင်းဝေးကြပါစေ။ ။