Naypyitaw State Academy ဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

 

အသိပညာအတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် စိတ်ဓာတ်ကောင်းမွန်သော    
ပညာတတ် နိုင်ငံ့သားကောင်းရတနာမွန်များကို  မွေးထုတ်ပေးသွားမည်

 

နေပြည်တော်    နိုဝင်ဘာ    ၉


ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်    ပညာရေးဝန်ကြီးဌာန Naypyitaw State Academy  ဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  တက်ရောက်ဖွင့်လှစ် ပေးပြီး အမှာစကားပြောကြားသည်။

 


အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊  ကောင်စီဝင်များ ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာနှင့် ဦးစိုင်းလုံး ဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊       နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။  

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


စက်ခလုတ်နှိပ်ဖွင့်လှစ်


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Naypyitaw State Academy ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး Nay-pyitaw  State  Academy  ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်  အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြသည်။

 


ဆက်လက်၍    ပထမထပ်ရှိ   Function    Hall အတွင်း Naypyitaw State Academy ဖွင့်ပွဲအထိမ်း အမှတ်အခမ်းအနားကို         ဆက်လက်ကျင်းပရာ ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာမများ၊ ကျောင်းသူများ နှင့် အနုပညာရှင်များက Naypyitaw State Aca-demy အဖွင့်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အဆင့် မြင့် ပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ ထိပ်တန်းတက္ကသိုလ်တစ်ခုကို မြို့တော်နေပြည်တော် တွင် ဖွင့်လှစ်နိုင်သည့်အတွက် ကျက်သရေမင်္ဂလာ ရှိသည့် နေ့ထူးနေ့မြတ် အခမ်းအနားဖြစ်ပါကြောင်း။

 


ရွေးချယ်သင်ယူလေ့လာနိုင်


Naypyitaw State Academy ကို ဖွင့်လှစ်ရသည့်  ရည်ရွယ်ချက်မှာ နေပြည်တော်ကို  ပညာရေးမြို့တော် ဖြစ်လာစေရန်နှင့်     နေပြည်တော်တွင်      တာဝန်  ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏  သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗ သီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏   သားသမီးများ   နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူ လေ့လာနိုင်ရန် ဖြစ်ပါကြောင်း။ 

 


ထို့ပြင်   ကြောင်းကျိုးဆက်စပ်  တွေးခေါ်မှုကို အခြေခံသည့်   သင်ကြားသင်ယူမှုကို    အလေးထား အားပေးပြီး အသုံးချသုတေသနများနှင့် နိုင်ငံတော် ၏  လူမှုစီးပွားဘဝ မြင့်မားရေးကို ဖော်ဆောင်ပေး နိုင်မည့်    ပညာရှင်များမွေးထုတ်ပေးရာ   ဦးဆောင်  တက္ကသိုလ် (The Leading University for Wisdom) ဖြစ်စေရန်အတွက် ဦးတည်ချက်ထား ကြိုးပမ်းသွား ကြရမည်ဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံပြီး    ပညာပြည့်ဝနှလုံးလှသည့်     စိတ်ဓာတ် ကောင်းမွန်သော    ပညာတတ်    နိုင်ငံ့သားကောင်း ရတနာမွန်များကို  မွေးထုတ်ပေးသွားမည်   ဖြစ်ပါကြောင်း။

 


လေးလေးနက်နက် ဖော်ညွှန်းထား


Naypyitaw State Academy အမှတ်တံဆိပ် ဆောင်ပုဒ်သည် “ ပညာဧဝ အဓိပတိ” ဟု သတ်မှတ် ထားသည်ကို    တွေ့ရမည်ဖြစ်ပါကြောင်း၊    အဆိုပါ ဆောင်ပုဒ်မှာ “ပညာသည်သာ အရှင်သခင်၊ ပညာ သည်သာ အကြီးအမှူး၊ ပညာသည်သာ  ဦးဆောင်သူ”  ဖြစ်သည်ဟု လေးလေးနက်နက် ဖော်ညွှန်းထားခြင်း ဖြစ်ပါကြောင်း၊ ပညာကို ဦးထိပ်ပန်ဆင်ကာ ပညာကို အထွတ်အမြတ်ထားပြီး    သင်ယူလေ့လာနိုင်သည့် ဌာနကြီးဖြစ်သည်ဟု ရည်ညွှန်းထားသည်ကို တွေ့မြင် နိုင်မည်ဖြစ်ပါကြောင်း။

 


အားဖြည့်သင်ကြား လေ့ကျင့်ပေးကြမည်


Naypyitaw   State  Academy  ကို  ရန်ကုန် တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု      ဖြစ်လာစေရန် ရည်ရွယ်ပြီး   ဖွဲ့စည်းတည်ထောင်ထားခြင်း   ဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့၏မဟာဌာနကြီးများ ဖွဲ့စည်းထားရှိသည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း         မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံးထားသည်ကို      တွေ့ရပါကြောင်း၊ မဟာဌာနကြီးများဖြစ်သည့်   ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွား ရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေး ပညာမဟာဌာနနှင့် အားကစားပညာ မဟာဌာနများ ပါဝင်ဖွဲ့စည်းထားပါကြောင်း၊  အရည်အချင်းပြည့်ဝ သည့် ဆရာ၊ ဆရာမများအပြင် နေပြည်တော်ရှိ ဌာန ဆိုင်ရာအသီးသီးတွင်   တာဝန်ထမ်းဆောင်နေကြ  သည့် ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်ကြီးများကိုပါ  စုစည်းပြီး တက္ကသိုလ်ကြီးတွင် အားဖြည့်သင်ကြား လေ့ကျင့်ပေးကြမည်ဖြစ်သဖြင့် များစွာအားရကျေနပ် မိပါကြောင်း။

 


Naypyitaw State Academy  ၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  တတိယနှစ်  သင်တန်းများကို စတင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ် များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဘွဲ့လွန်တန်းများ  ဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး  အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအား  အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်လည်း     အားတက်စရာ   ဖြစ်ပါကြောင်း။ 

 


ယနေ့ခေတ်တွင် ယခုဖွင့်လှစ်သည့် Naypyitaw State Academy ကို ထည့်သွင်းရေတွက်မည်ဆိုပါက  ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန  ၁၁ ခု၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများ အပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ နေပြည်တော် တွင်လည်း Naypyitaw State Academy၊ သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်တို့ရှိပြီး  မကြာခင်အချိန်တွင်  လည်း    နည်းပညာတက္ကသိုလ်အဆင့်  တိုးမြှင့်မည့်  တက္ကသိုလ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်၍ ပညာရေး မြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ်ပါကြောင်း။

 


ပညာရှင်များအရေအတွက် များများမွေးထုတ်


Naypyitaw State Academy ကို အရည်အသွေး မြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံ တကာအဆင့်မီ    သင်ရိုးညွှန်းတမ်းများ၊     ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်း သုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီ စာကြည့်တိုက်များစသည့်  လိုအပ်သော  Facilities  များ အပြည့်အစုံဖြည့်ဆည်းကာ စာသင်ကောင်းပြီး  အမှန်တကယ်တော်သည့် ဆရာများက သင်ကြားကာ ရန်ကုန်တက္ကသိုလ်၊    မန္တလေးတက္ကသိုလ်များကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်အောင် ဖွင့်လှစ် တည်ထောင် မြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း၊  ကျောင်းသား  ကျောင်းသူများကိုလည်း  ဉာဏ်ရည် ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှု မြင့်မားသည့် အသိ ပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသော ဘွဲ့ရပညာ တတ်၊    ပညာရှင်ကြီးများဖြစ်အောင်     သင်ကြား လေ့ကျင့်   မွေးထုတ်ပေးသွားမည်    ဖြစ်ပါကြောင်း၊ အရေအတွက်ထက်   အရည်အသွေးကို   ဦးစားပေး သွားရမည်ဖြစ်ပြီး နောင်တွင်အရည်အသွေး မြင့်မား  သည့် ပညာရှင်များ အရေအတွက်များများ မွေးထုတ် ပေးနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 


တစ်ဆက်တည်း  ပြောကြားလိုသည်မှာ   တိုင်း ဒေသကြီး၊ ပြည်နယ်တစ်ခုစီမှ အနည်းဆုံးတက္ကသိုလ် တစ်ခုတွင်   ပါရဂူဘွဲ့ချီးမြှင့်သည့်    သင်တန်းတစ်ခု  အနည်းဆုံး ဖွင့်လှစ်ရန်နှင့် ယင်းပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ်တစ်ခုစီကိုလည်း တက္ကသိုလ် အင်္ဂါရပ်များ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း။

 


အဆိုပါ ပါရဂူတန်း ဖွင့်လှစ်သည့် တက္ကသိုလ် ကြီးများသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်လာ စေရေး ကြိုးပမ်းသွားကြရန်နှင့် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းက  အရှေ့တောင်အာရှတွင်  ဂုဏ် သတင်းကြီးမားခဲ့သည့်      ရန်ကုန်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်အဆင့်အတန်းအထိ မြင့်မားတိုးတက် အောင် ကြိုးစားအားထုတ်ကြရန် တာဝန်ရှိသူအဆင့် ဆင့်နှင့် ဆရာ၊ ဆရာမများအားလုံးကို တိုက်တွန်း ပြောကြားလိုပါကြောင်း။

 


ဆက်လက်လေ့လာဆည်းပူးနိုင်မည်


နိုင်ငံသားတိုင်း လူတန်းစေ့ နေထိုင်ရှင်သန်နိုင်ရန် အတွက်   အနည်းဆုံး    အတတ်ပညာ  တစ်ခုခုကို   တတ်ထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့အတွက်  နိုင်ငံ့လူဦးရေ၏   ၇၀   ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင် နိုင်ရေးအတွက်  လာမည့်ပညာသင်နှစ်မှစ၍  ခရိုင် ၅၀ တွင် အထက်တန်းကျောင်း တစ်ကျောင်းစီကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ  ပညာ ရပ်များကို တွဲဖက်သင်ကြားပေးမည် ဖြစ်ပါကြောင်း၊  အလားတူ   အသေးစား၊  အငယ်စား၊   အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူ ရရှိ စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် များ    သင်ကြားသည့်ကျောင်းများကိုလည်း    တိုးချဲ့ ဖွင့်လှစ်နိုင်ရန်  စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊  သတ်မှတ်အရည်အချင်းပြည့်မီပါက    သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင့်မြင့်ပညာရပ်များကို ဆက် လက် လေ့လာဆည်းပူးနိုင်မည် ဖြစ်ပါကြောင်း။

 


“ပညာရေးပြုပြင်ပြောင်းလဲမှု     ဆရာများဖြင့် အစပြု ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာရှင်ဆရာ၊ ဆရာမများက  ပညာရေးတိုးတက်အောင်  ပြုပြင် ပြောင်းလဲ     ဆောင်ရွက်နေမှသာ        သင်ယူသူ ကျောင်းသား၊   ကျောင်းသူများကလည်း ပညာရေး တိုးတက်မည်ဖြစ်ပါကြောင်း၊ “ဆရာကောင်းတပည့်  ပန်းကောင်းပန်”   ဆိုသည့်    မြန်မာ့ဆိုရိုးအတိုင်း အရည်အချင်းပြည့်ဝပြီး ဘက်စုံထူးချွန်သည့် ဆရာ ကျင့်ဝတ်နှင့် ညီညွတ်သော ဆရာ၊ ဆရာမများနှင့် သာ မိမိတို့တပည့်များကို လူတော်လူကောင်းဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်ဝသည့်  လူငယ်များဖြစ်အောင် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။ 

 


နေပြည်တော်၌ Naypyitaw State Academy ဖွင့်လှစ်ပြီး အဆင့်မြင့်ပညာရေးအတွက် အားဖြည့် ပေးသကဲ့သို့     နိုင်ငံတစ်ဝန်းရှိ     တက္ကသိုလ်များ၊ ကျောင်းများတွင်လည်း ပညာအဆင့်မြင့်သည်ထက်  မြင့်မားလာအောင်   ကြိုးပမ်းအားထုတ်ပြီး   မြန်မာ့ ပညာရေးကို     မြှင့်တင်ပေးကြရန်၊      ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်မှ ဖွင့်လှစ် ပေးသည့်  Naypyitaw  State  Academy  တွင် အဆင့်အတန်း မြင့်မားသည့် ပညာရပ်များကို သင်ယူ ပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊  မိမိနိုင်ငံတော်အကျိုးတို့ကို    သယ်ပိုးထမ်းဆောင် သွားကြရန်၊ ယခုတက္ကသိုလ်ကြီးက ပညာရှင်  ပညာ တတ်များ  စဉ်ဆက်မပြတ်မွေးထုတ်ပြီး  အနာဂတ် ခေါင်းဆောင်များ၊ နိုင်ငံ့သားကောင်းများ ပေါ်ထွန်း လာအောင် ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံအကျိုးပြု  သင်ကြားလေ့ကျင့်ပေးနိုင်အောင် ကြိုးပမ်းဆောင် ရွက်ပေးကြရန်၊  Naypyitaw  State   Academy ကြီး  အဆင့်မြင့်သည်ထက်မြင့်၊ ကောင်းသည်ထက် ကောင်းပြီး  ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီး  တစ်ခု အဖြစ်    တက်လှမ်းနိုင်အောင်      ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်     တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 


 စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက် မိတ္ထီလာတက္ကသိုလ်မှ ကျောင်းသား၊  ကျောင်းသူများက ထိပ်တန်း တက္ကသိုလ်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဆက်လက်၍ နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များသည်    အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ          စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာ ကြသည့်   ဆရာ၊  ဆရာမများနှင့်   ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်       အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy အတွင်း ရှိ လက်တွေ့ခန်း၊ စာသင်ခန်းများ၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုကြပြီး Nay-pyitaw  State  Academy  ပုံစံငယ်အား  ကြည့်ရှု ကြသည်။

 


အဆိုပါ    Naypyitaw   State   Academy   ကို နိုင်ငံတော်  တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင် ရေးရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   လမ်းညွှန်မှုဖြင့်  နေပြည်တော် ကောင်စီနယ်မြေ၊   ဇမ္ဗူသီရိမြို့နယ်တွင်    ယခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး    ပညာသင်ကြားမှုများ      အဆင်ပြေ ချောမွေ့စေရန်အတွက်  စာသင်ဆောင်များ၊  စုဝေး ခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံး ခန်းများ၊    စာသင်ခန်းများ၊    ဓာတ်ခွဲခန်းများနှင့်  စာကြည့်တိုက်တို့ကို    ပြည့်စုံစွာဖြင့်     ထည့်သွင်း တည်ဆောက်ထားရှိကာ   နေပြည်တော်ရှိ    အစိုးရ ဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ ၏ သားသမီးများအနေဖြင့် အဆင့်မြင့်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်