
နွားထိုးကြီး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ဆီထွက်နယ်မြေ ဖြစ်သော နွားထိုးကြီးမြို့တွင် ယခုနှစ် မကြုံစဖူးနှမ်းဆီဈေး၊ မြေပဲဆီဈေးနှုန်းများ ကျဆင်းလာကြောင်း ဒေသခံစားသုံးသူများ ထံမှ သိရသည်။
ယခင်က မြေပဲဆီ တစ်ပိဿာ ငွေကျပ် ၈၀၀၀၊ ၉၀၀၀ မှ ယခု ငွေကျပ် ၆၀၀၀၊ ၆၅၀၀၊ နှမ်းဆီ တစ်ပိဿာ ငွေကျပ် ၇၀၀၀၊ ၈၀၀၀ မှ ယခု ငွေကျပ် ၅၀၀၀၊ ၆၀၀၀ အထိ ဈေးကျဆင်း လာပြီး ရောဆီမှာ ငွေကျပ် ၄၀၀၀၊ ၄၅၀၀ သာရှိသည်။ စားအုန်းဆီဈေးနှင့် ဈေးပြိုင် ဖြစ်နေ၍ အများစုမှာ စားအုန်းဆီ မသုံးတော့ဘဲ ရောဆီသာ သုံးစွဲနေကြသည်။
နွားထိုးကြီးမြို့ပေါ်တွင် ဆီစက် ၂၀ ကျော် ရှိရာ ပဲဆီ၊ နှမ်းဆီများကို တစ်ပိဿာ၊ ငါးပိဿာ၊ ၁၀ ပိဿာဝင်ပုံးများဖြင့် ပဲဆီသန့်၊ နှမ်းဆီသန့် များပြုလုပ်၍ ဆီဈေးကွက်ကို ပေးပို့နေကြ သည်။ ဆီသန့်ဖြစ်ကြောင်း တာဝန်ယူသည် ဟူ၍လည်း ထွန်းပွဲရုံနှင့် မဟာနွယ်ပွဲရုံတို့က ပြောသည်။
နွားထိုးကြီးဒေသထွက် ပဲ၊ နှမ်းကို မန္တလေး၊ ပဲခူး၊ မကွေးနှင့် မြင်းခြံမြို့များသို့ တင်ပို့ကြကြောင်း သိရသည်။
ဝ၁၈