
နေပြည်တော် ဒီဇင်ဘာ ၂၁
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
နှစ်စဉ်များပြားနေ
အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေသစ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး လုပ်ငန်းများကို စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီး ရမိမှု ကိန်းဂဏန်းများ နှစ်စဉ် များပြားနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူး စစ်ဆင် ရေးများကို ယနေ့အချိန်ထိ ၃၄ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်မှုကြောင့် မြန်မာ နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်စဉ် ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ် တွင် ဟက်တာ ၃၃၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှု အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ် တွင် ၄၀၅ မက်ထရစ်တန်အထိ ကျဆင်းခဲ့ကြောင်း။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
တားဆီးနှိမ်နင်းရေး လုပ်ငန်း များကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီး ဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဘိန်း ၂ ဒသမ ၂ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၄ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ ဒသမ ၃ သန်းကျော်၊ အိုက် ၁၃ ဒသမ ၅ တန်ကျော်၊ ကတ်တမင်း ၇၆၂ ကီလိုအပါအဝင် မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၄၇ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ ကြောင်း။
ပိုမိုအရေးကြီး
မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျှော့ချနိုင်ရန် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည် အဓိက ကျသည့်အတွက် တရားမဝင် ဓာတုပစ္စည်းများ နယ်စပ်ဒေသမှ ဝင်ရောက်လာမှုကို တားမြစ် ထိန်းချုပ်နိုင်ရေးသည် ပိုမို အရေးကြီးလာကြောင်း။
လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှု များကြောင့် ပြောင်းလဲလာသည့် မူးယစ်ဆေးဝါးဈေးကွက်၊ သုံးစွဲမှု ပုံစံ၊ ထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုတို့အပေါ် စနစ်တကျ သုံးသပ်ပြီး သက်ဆိုင်သည့် ကဏ္ဍ များအလိုက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ကိုယ်စီတာဝန်ရှိ
မူးယစ်ဆေးဝါး ပြဿနာ သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီ တာဝန်ရှိသည်ဟူသော အသိဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြပြီး တွဲဖက်အတွင်း ရေးမှူး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ကြိုးပမ်း ဆောင်ရွက်ချက်များ အပေါ် သုံးသပ်တင်ပြပြီး ရှေ့ဆက် လက် ဆောင်ရွက်မည့်အစီအမံ များ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုအဖွဲ့ဥက္ကဋ္ဌ က အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ လိုအပ်ချက်၊ အကြံပြု ချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ကိုယ်စားလှယ်များ တက်ရောက်
အစည်းအဝေးသို့ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။ သတင်းစဉ်