မူဝါဒစက်ဝန်း

Type

 

သိုက်စိုးထွန်း(နတ်ရွာ)

 

မူဝါဒဖန်တီးသူနဲ့ ဆုံးဖြတ်ချက်ချမှတ်သူ။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနယ်ပယ်မှာ   ဒီပုဂ္ဂိုလ်နှစ်မျိုးက အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ မူဝါဒ ဖန်တီးတဲ့သူက ပညာရှင်၊ အဆုံးအဖြတ်ပြုနိုင်သူက တော့ အခွင့်အာဏာရှိသူလို့ ဆိုကြပါစို့။

 


ဘယ်လိုဒေသမျိုးမှာဖြစ်ဖြစ် ကောင်းမွန်တဲ့ မူဝါဒတွေကို ထုတ်ဖော်ဖန်တီးနိုင်တဲ့သူတွေ အများ ကြီး ရှိကြမှာပါပဲ။ သိတယ်၊ ဖော်ထုတ်တယ်ဆိုတာနဲ့ သိပေမယ့်   မဖော်ထုတ်ဖြစ်ဘူးဆိုတာလောက်ပဲ ကွာလိမ့်မယ် ထင်ပါတယ်။ ကြိုတင်တင်ပြထား လိုတာကတော့ ဒီနေရာမှာရေးမယ့်စကားလုံးတွေ မှာ နှစ်သက်သဘောကျစရာများတွေ့ခဲ့ရင် Inter-national University of Japan က Professor Hun Myaung Park  ကိုသာ   ကျေးဇူးတင်ဖို့နဲ့ သဘောမကျစရာတွေတွေ့လာရင်တော့ ဒီစာရေးတဲ့ သူရဲ့   သဘောပေါက်  နားလည်မှုလွဲမှားချက်တွေ လို့သာ ရှုမြင်ကြဖို့ပါ။

 


အခက်အခဲပြဿနာကို ရှာဖွေ


မူကောင်းတစ်ခုပေါ်ထွက်လာဖို့အတွက် ပထမ ဆုံးအဆင့်အနေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အခက် အခဲပြဿနာတစ်ခုကို     ရှာဖွေဖော်ထုတ်ရမှာပါ။ အများပြည်သူနဲ့    ဆိုင်တာတွေထဲကပဲ ဖြစ်ရမှာပါ။ တစ်ဦးတစ်ယောက်တည်း၊ တစ်စုတစ်ဖွဲ့တည်းနဲ့ဆိုင်တဲ့ပြဿနာတွေကို   အများပြည်သူဆိုင်ရာ ပြဿနာအဖြစ်ရောမမြင်လိုက်မိဖို့   လိုပါတယ်။ ဒီနေရာမှာ    ရောသွားတာနဲ့    နောက်ဆက်တွဲ အကျိုးဆက်က အတော်လေး တလွဲတချော်ဖြစ်သွား နိုင်ပါတယ်။ အများပြည်သူဆိုင်ရာပြဿနာဆိုတာဘာလဲဆိုတော့ ဟောဒါကတော့ ပြည်သူ့ပြဿနာပဲ ဆိုပြီး အများကအလွယ်တကူ သိမြင်လက်ခံထားတဲ့ ပြဿနာမျိုးပါတဲ့။

 


စစဉ်းစားပြီ။ အများပြည်သူဆိုင်ရာပြဿနာ တွေက  ဘာတွေဖြစ်မလဲ။  ဒီကနေ့မျက်မှောက် ပြည်သူတွေခံစားနေရတဲ့ ဒုက္ခသုက္ခတွေက ဘာတွေ လဲ။ ဒါကတော့ သိပ်ထွေထွေထူးထူးရှာဖွေဖော်ထုတ် နေဖို့တောင် မလိုပါဘူး။ ကဏ္ဍမျိုးစုံ၊ နယ်ပယ်မျိုးစုံ မှာ အခက်အခဲတွေကို အလွယ်တကူတွေ့နိုင်မြင်နိုင် မှာပါ။  ကာလဒေသချင်းတော့  ကွာတာပေါ့လေ။ တချို့နေရာတွေမှာ     အခက်အခဲတွေများမယ်။ တချို့နေရာတွေကျတော့   အခက်အခဲပြဿနာ ဆိုတာ သုတေသနဆန်းစစ်မှုတွေနဲ့  အသေအချာ ဖော်ထုတ်ကြည့်မှသာ မြင်နိုင်မယ့်အနေအထားမျိုး ပေါ့။ အဲဒီလောက်အထိ အဆင်ပြေနေတဲ့နေရာတွေ လည်း ကမ္ဘာ့နယ်ပယ်အသီးသီးမှာ ရှိကြဦးမှာပေါ့။ ဒီနေရာမှာ   အရေးကြီးတာက   မူဝါဒဖန်တီးမယ့် ပညာရှင်တစ်ယောက်အနေနဲ့တော့   အခက်အခဲ ပြဿနာကို ပြလိုက်ရုံနဲ့ ဒီတာဝန်ကမပြီးပါဘူးတဲ့။ အခက်အခဲကတော့   လူတိုင်းတွေ့နိုင်မြင်နိုင်ပါ သတဲ့။   လူတိုင်းအလွယ်တကူ   မမြင်နိုင်တာက ဒီအခက်အခဲကို    ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းနာနိဿယ။ ဒါ့ကြောင့် ပညာရှင်တစ်ယောက် အနေနဲ့ဆိုရင်‌တော့ “ဟောဒါက ပြဿနာ၊ ဟောဒါ က ဖြေရှင်းနည်း” ဆိုပြီး အခက်အခဲနဲ့ ထွက်ပေါက် ကို တစ်ပြိုင်တည်းထုတ်ပြနိုင်မှ တာဝန်ကျေပါသတဲ့။ 

 


ဖြေရှင်းနည်းမရှိသေးတဲ့  ပြဿနာတွေ  ရှိတော့ ရှိဦးမှာပါ။ များလည်းများနေဦးမှာပါ။ အဲဒါတွေ ခဏထားဦး။ ဖြေရှင်းနည်းမရှိသေးတဲ့ ပြဿနာ တွေကို အရင်ဖြေရှင်းတာထက် ဖြေရှင်းနည်းရှိပြီး သားပြဿနာတွေထဲက    မထိရ မတို့ရသေးတာ တွေကို အရင်စပြီးရှင်းကြလင်းကြရမှာပါတဲ့။ 

 


ပြဿနာရဲ့အဖြေဆိုတဲ့နေရာမှာ     ဘယ်လို နည်းလမ်းတွေကိုသုံးပြီး ဖြေရှင်းမလဲ၊ လူအင်အား က ဘယ်လောက်ကုန်မလဲ၊ ဘယ်လိုလူတွေလိုမှာလဲ၊ ကျွမ်းကျင်လုပ်သားအဆင့်လား၊ အခြေခံလုပ်သား လား၊    ပညာရှင်အဆင့်လိုတာလား၊   ငွေကြေး အင်အား၊ ပစ္စည်းပစ္စယအင်အားကော ဘယ်လောက် သုံးရမလဲ၊ အဲဒီ လိုအပ်ချက်တွေကို ဘယ်နေရာကနေ ရယူဖြည့်ဆည်းနိုင်မလဲ၊ လိုတဲ့အရင်းအမြစ်တွေကို တကယ်ရနိုင်ရဲ့လား၊     တကယ်တမ်းအကောင် အထည်ဖော်ပြီဆိုရင်  ဘယ်လိုအခက်အခဲ  အတား အဆီးမျိုးတွေ ကြုံလာနိုင်ခြေရှိသလဲ စသည်စသည် အားဖြင့်  ပြည့်စုံနိုင်သမျှ  ပြည့်စုံအောင်  ကြိုးစား ဖော်ထုတ်နိုင်ဖို့ လိုပါသတဲ့။ ဖြေရှင်းနည်းကို ဘက်စုံ ထောင့်စုံက   ချဉ်းကပ်တင်ပြမှု   မပြုနိုင်သေးသမျှ ပြဿနာရှာဖွေဖော်ထုတ်ရေးလုပ်ငန်းစဉ်ကြီး မပြီး ဆုံးသေးပါဘူးတဲ့။ 

 


ပြဿနာကဘာလဲ၊   ပြဿနာကို   ဘယ်လို ဖြေရှင်းမလဲ။  တစ်နည်းပြောရရင်တော့  လက်ရှိ အခြေအနေက  ဘာလဲ၊   ကိုယ်ဖြစ်စေချင်တဲ့အနေ အထားက ဘယ်လိုမျိုးလဲ၊ အဲဒီအနေအထားရောက် အောင် ဘယ်လိုသွားကြမလဲ၊   ဒီအချက်လေးတွေ ပါပဲတဲ့။ ဒီအချက်လေးတွေပဲဆိုပေမယ့်   အလွယ် တကူလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သက်ဆိုင် ရာနယ်ပယ်အလိုက်   အတွေ့အကြုံတွေလိုမယ်။ ဉာဏ်ပညာလိုမယ်၊ လေ့လာသုံးသပ်မှုတွေလိုမယ်။

 


 ပဟေဠိလည်းသိပြီ၊    အဖြေကလည်းရှိပြီ။ ဒါဆိုဘာဆက်လုပ်မလဲ။   ဒီအတိုင်းထားလို့   မရ သေးဘူးတဲ့။      ဒီဖြေရှင်းနည်းအတိုင်း    ဘယ်သူ ရှင်းပေးနိုင်မလဲ၊ ရှင်းနိုင်မယ့်သူဆီသွားပြီး သိအောင် ပြောရဦးမတဲ့။ အိမ်ရှေ့သွား၊ တံခါးခေါက်၊ “ဗျို့ဆရာ ကြီး၊ ပြဿနာကဒါ၊ ဖြေရှင်းနည်းကဒါပဲဗျို့”ဆိုပြီး ဒီအတိုင်းပြောပြီး ပြန်လာလို့လည်း မရသေးပါဘူး တဲ့။ အဆုံးအဖြတ်ပြုနိုင်မယ့်သူ  သဘောပေါက် နားလည် လက်ခံလာအောင် ရှင်းလင်းဖို့ တာဝန် ကျန်ပါသေးတဲ့။ 

 


မူဝါဒဖန်တီးမှုဆိုတာ


မူဝါဒဖန်တီးမှုဆိုတာ    အနုပညာတစ်ရပ်လို့ပြောရင်ဟုတ်သလို၊   အတတ်ပညာတစ်ခုပါလို့ ဆိုရင်လည်း   မှန်ပါသတဲ့။   ပြဿနာရဲ့အဖြေကိုရှာဖွေဖော်ထုတ်ရတဲ့ပညာက   ခက်သလို  ကိုယ် သိမြင်နားလည်လာတဲ့အတိုင်း   သက်ဆိုင်သူတွေ သဘောပေါက်နားလည်         လက်ခံလာအောင်၊ နားလည်လက်ခံတဲ့အတိုင်း အမှန်တကယ် အကောင် အထည်ဖော်ဆောင်ရွက်ဖြစ်လာအောင် ဆွဲဆောင် စည်းရုံးရတဲ့ပညာကလည်း   လွယ်မှာတော့ မဟုတ် ပါဘူး။ 

 


ပညာရှင်ရယ်လို့   ဖြစ်လာပြီဆိုရင်  ပညာမာန ရှိတတ်ကြပါတယ်။   မူဝါဒပိုင်းဆိုင်ရာပညာရှင် တစ်ယောက်ဖြစ်လာပြီဆိုရင်တော့     ပညာမာန ဆိုတာ ထားဖို့သိပ်မဖြစ်နိုင်ပါဘူး။ မင်းတို့ဒါလေးမှ နားမလည်ဘူးလား၊ ဒီလောက်ရှင်းနေတဲ့အကွက် ကိုတောင် မမြင်ဘူးလား၊ ဒီလောက်ရိုးနေတဲ့ပုစ္ဆာကို တောင်    အဖြေမထုတ်နိုင်ဘူးလားဆိုတာမျိုး သွားလုပ်လို့မရပါဘူး။ ဒါမှမဟုတ် “ကိုယ်ကတော့ ကိုယ်မြင်တဲ့အတိုင်း ပြောပြီးပြီ၊ အကောင်အထည် ဖော်တာမဖော်တာ သူတို့တာဝန်ပဲ”ဆိုပြီး အလွတ် ရုန်းသွားဖို့လည်း    မသင့်ပြန်ဘူးတဲ့။   အဲသလို အလွတ်ရုန်းသွားမယ်ဆိုရင်   ရှေ့ပိုင်းမှာကြိုးစားခဲ့သမျှတွေက   သဲထဲရေသွန်ဖြစ်သွားမှာ။   ကိုယ့် အတွက်အကျိုးမရှိတာက အကြောင်းမဟုတ်ဘူး။ အများပြည်သူဆိုင်ရာ     ပြဿနာတစ်ရပ်ဖြစ်တဲ့ အတွက် ဒီပြဿနာကိုမဖြေရှင်းဖြစ်ရင် ကြာလေ နစ်လေဖြစ်မှာက   အများပြည်သူပါ။   ဒါ့ကြောင့် မူဝါဒဖန်တီးသူအနေနဲ့     အတ္တမာနကို     ခဝါချပြီး ပြည်သူ့အကျိုးစီးပွားအတွက်    အကောင်းဆုံး နည်းလမ်းတွေနဲ့    ရှေ့ကိုဆက်နိုင်အောင်ကြိုးပမ်း ရမှာပါတဲ့။

 


မူဝါဒဖန်တီးမှုအနုပညာရဲ့    သဘောကိုက တစ်ဖက်လူကိုဗဟိုပြုရမှာတဲ့။   ဘယ်တစ်ဖက် လူလဲ၊  ကိုယ်မြင်ထားတဲ့   အများပြည်သူဆိုင်ရာ ပြဿနာရဲ့အဖြေကို   အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိမယ့်သူ။ တစ်ခုတော့ရှိမှာ ပေါ့လေ၊ အဲဒီတစ်ဖက်လူက ဘယ်သူလဲဆိုတာကို ခွဲခြားနိုင်ဖို့တော့ လိုတာပေါ့။ စချိန်လိုက်ကတည်းက ပစ်မှတ်လွဲနေရင် ထိချက်ကလည်း သေချာပေါက် ချော်သွားမှာပါ။

 


အနုပညာမှန်သမျှ ခံစားနားလည်ပုံ ကွဲ


အနုပညာသဘောနဲ့ပြောရရင်    အနုပညာ ဖန်တီးသူနဲ့  အနုပညာခံစားသူပေါ့။  အနုပညာကို ဖန်တီးတဲ့သူကလည်း  အနှောင်အဖွဲ့ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ဖန်တီးလေ့ရှိကြတယ်။ ခံစား တဲ့သူကလည်း      အနှောင်အဖွဲ့      ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ခံစားလေ့ရှိကြတယ်။ ပန်းချီ ကားတစ်ချပ်ဆိုပါစို့၊    ပန်းချီဆရာကလည်း   သူ့ ပန်းချီကားကိုသူ ဒါဘာအဓိပ္ပာယ်နဲ့ ဒီလိုဒီလိုရေးဆွဲ ပါတယ်လို့  ပြောချင်ပြောမယ်၊  ပြောချင်မှလည်း ပြောမယ်။   ပန်းချီမြတ်နိုးသူတွေကြားမှာတော့ ဖွင့်ဆိုပုံတွေ၊   ခံစားနားလည်ပုံ၊    ရှုမြင်ပုံတွေက တစ်ယောက်နဲ့တစ်ယောက်    မတူကြတော့ဘူး။ မြတ်နိုးမှုအတိုင်းအတာချင်းလည်း  မတူကြတော့ ဘူးပေါ့။ ပန်းချီအနုပညာမှ မဟုတ်ပါဘူး။ စာပေ၊ ဂီတ၊ သုခုမနယ်ပယ်က အနုပညာမှန်သမျှ ခံစား နားလည်ပုံ ကွဲကြတာပါပဲ။

 


မူဝါဒဖန်တီးမှုအနုပညာမှာတော့     အဲသလို ခံစားနားလည်ပုံကွဲပြားနေလို့မရပါဘူးတဲ့။ ဖန်တီး သူနဲ့ ခံစားသူကြားမှာ နားလည်လက်ခံပုံလွဲသွားရင် အန္တရာယ်များသွားတတ်ပါသတဲ့။ ကိုယ်နားလည် ထားတဲ့အတိုင်း  တစ်ဖက်ကနားလည်လာအောင်၊ ကိုယ်သဘောပေါက်တဲ့အတိုင်း     တစ်ဖက်က သဘောပေါက်လာအောင် ချဉ်းကပ်ဖွင့်ဆိုရှင်းပြရမယ့်တာဝန်က အဓိကတာဝန်တစ်ခုဖြစ်ပါသတဲ့။

 


အနုပညာတစ်ရပ်အနေနဲ့    ပြောရရင်တော့ ပရိသတ်ဆိုပါစို့။    ကိုယ့်အနုပညာကို    ကိုယ့် ပရိသတ်က  နားလည်လက်ခံမှဖြစ်မှာ။ နားလည် တာကလည်း သူနားလည်ချင်သလို  နားလည်လို့ မရဘူး၊ ကိုယ်နားလည် စေချင်တဲ့အတိုင်း နားလည် လက်ခံမှဖြစ်မှာ။   ဒီတော့    ပရိသတ်အခြေပြု အနုပညာတစ်ရပ်    ဖန်တီးရမှာပေါ့။   ဒီနေရာမှာ ပိုသွားတာက အနုပညာကို ဖန်တီးရုံနဲ့မလုံလောက် ဘဲ  ခံစားမယ့်ပရိသတ်ဆီအရောက်ပို့ပြီး  ဒီဟာက ဒီလို၊ ဟိုဟာကဟိုလိုဆိုပြီး အသေအချာရှင်းလင်းပြောပြပေးရမယ့်တာဝန်ပါ ရှိသေးသတဲ့။ ရှင်းလင်း တယ်ဆိုတဲ့နေရာမှာ နှုတ်နဲ့ရှင်းလင်းတာရှိသလို စာနဲ့ပေနဲ့ရှင်းလင်းတာ၊ တခြားနည်းလမ်း တစ်ခုခု နဲ့ရှင်းလင်းတာတွေလည်း ရှိမှာပေါ့လေ။

 


ကိုယ့်ပရိသတ်၊   ဒါမှမဟုတ်   ကိုယ်ဦးတည် ထားတဲ့သူဆိုပါစို့။ ကိုယ့်မူဝါဒကို သူနားလည်အောင် မကြိုးစားခင်  သူဘာလဲဆိုတာ ကိုယ်နားလည်အောင် အရင်ကြိုးစားရမှာပါတဲ့။ သူဘယ်သူလဲ၊  ဘယ်က လာသလဲ၊  နောက်ခံအခြေအနေက   ဘယ်လိုလဲ၊ ဘယ်ဝန်းကျင်တွေကို ဖြတ်သန်းလာသလဲ၊ ဘယ်လို ပညာရပ်တွေ လေ့လာခဲ့သလဲ၊ အခုဘာတွေလုပ်နေ သလဲ၊ ဘာတွေလုပ်ခဲ့သလဲ၊  ဘယ်ကိုဦးတည်နေ သလဲ။ သူ့ကိုနားလည်မှ  ကိုယ်ဖန်တီးတဲ့မူဝါဒကို သူနားလည်လက်ခံလာအောင် ဘယ်လိုချဉ်းကပ် နိုင်မလဲဆိုတဲ့ နည်းနာနိဿယကို တွေ့နိုင်မှာလေ။ 

 


“စကားကျယ်   နားငယ်မဆံ့၊    စကားငယ် နားကျယ်မနှံ့”တဲ့။ ပညာအခြေခံမြင့်ပြီးသားသူကို တောစကားတောင်စကားလေးတွေနဲ့ သွားပြောနေ ရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီလိုပဲ သူလိုကိုယ် လို   သာမန်လူတစ်ယောက်ကို   ပညာရပ်ဆိုင်ရာ စကားလုံးတွေ  အများကြီးသွားပြောလိုက်ရင် သူနားလည်မှာ   မဟုတ်ပါဘူး။   “ငါကပညာရှင်၊ ငါ့စကားကိုနားလည်ချင်ရင်  ဒီပညာတွေ   အရင် လေ့လာဦး”  ဆိုတာမျိုး   သွားလုပ်လို့မရပါဘူး။ ဒီနေရာမှာ ပညာရှင်ကအဓိကမဟုတ်၊   ပရိသတ် ကသာ     အဓိကကျပါတယ်။    ကိုယ့်ပရိသတ်က ဘယ်သူလဲ၊ ဘယ်အခြေအနေလဲ၊ သူနားလည်အောင် ဘယ်လိုပြောမလဲ။ သူနားလည်အောင်ပြောဖို့ကိုက ကိုယ့်တာဝန်ပါတဲ့။ 

 


မူတစ်ခုဖန်တီးပြီး   ချမှတ်ကျင့်သုံးတဲ့အဆင့်ရောက်ဖို့    သွားရတဲ့ခရီးလမ်းတစ်လျှောက်မှာ ကြမ်းတမ်းခက်ထန်မှုတွေကတော့   ကြုံရမှာပါပဲ။ အလွယ်တကူနဲ့တော့     ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်အဆိုပြုတဲ့မူနဲ့ ပတ်သက်လို့ ငြင်းချက်တွေ အများကြီးပေါ်လာနိုင်တယ်။   မှားပါတယ်ဆိုပြီး သက်သေသက္ကာယတွေနဲ့  ထုတ်ပြထုချေလာနိုင် တယ်။ အမျိုးမျိုးသော ထိုးနှက်ချက်တွေက ထင်မှတ် မထားတဲ့နေရာတွေကနေ    ဘွားခနဲပေါ်လာနိုင် တယ်။  ဒီထက်အခြေအနေဆိုးတာမျိုးတွေလည်း ရှိလာနိုင်ပါသေးတယ်။ ကိုယ်တင်ပြမယ့်မူရဲ့ ထိရှ လွယ်မှုအနေအထားအပေါ်     မူတည်ပြီးတော့ အမျိုးမျိုးသော    ဘေးအန္တရာယ်တွေကလည်း မူဝါဒပညာရှင်အပေါ်မှာ ကျရောက်လာနိုင်ပါသေး တယ်။ ဒါတွေအတွက် ကြိုပြီးစဉ်းစားထားရမှာပါ။ လိုအပ်ရင် ငြင်းပွဲခုံပွဲကိုလည်း ဆင်နွှဲနိုင်ဖို့ အသင့်ပြင် ထားရမှာပါ။ မူတစ်ခုဟာ ဘယ်လိုစမ်းစမ်း အစမ်းခံ နိုင်နေရမယ်။ ဒီပေတံနဲ့ တိုင်းလိုက်လို့ ပေမီထောက်မီ ဖြစ်နေပေမယ့် ဟိုပေတံနဲ့တိုင်းလိုက်တော့မှ စံချိန် မမီစံညွှန်းမမီ   ဖြစ်သွားမယ်ဆိုရင်  ဒါက  ဒီမူမှာ လိုအပ်ချက်တွေရှိနေသေးလို့ဆိုတာကို  သဘော ပေါက်ရမှာပါ။ 

 


လိုအပ်ချက်တွေများနေသေးတဲ့မူတစ်ခုဆိုရင် အများပြည်သူအတွက်   ချမှတ်ကျင့်သုံး  အကောင် အထည်ဖော်ဖို့  မဖြစ်နိုင်သေးပါဘူး။  အပြစ်အနာ အဆာလုံးဝမရှိတဲ့မူ၊
အချိန်ကာလတိုင်းအတွက် လုံးဝဥဿုံပြီးပြည့်စုံ နေတဲ့    မူဆိုတာမျိုးကတော့   မရှိနိုင်ဘူးပေါ့လေ။ အချိန်အခါနေရာဒေသတွေကို အတိုင်းအတာတစ်ခု အထိ     ဖြတ်သန်းလွန်မြောက်ပြီးချိန်မှာတော့ လစ်ဟာကွက်တွေ၊   အားနည်းချက်တွေ  မြင်လာ တွေ့လာရမှာပါပဲ။ အဲဒီအချိန်ကျရင်သာ အားနည်း ချက်ကိုဖာထေးဖို့၊     အားသာချက်ဖြစ်အောင် ပြုပြင်သင့်တာပြုပြင်ဖို့ လက်တွန့်မနေဖို့လိုတာပါ။ အရေးကြီးတာကတော့ လတ်တလော ကိုယ်အဆိုပြု မယ့် မူမှာတတ်နိုင်သမျှ အားနည်းချက်အနည်းဆုံး ဖြစ်အောင်    သုတ်သင်ရှင်းလင်းပြီးတော့     ဒီမူကို အခွင့်အာဏာရှိသူက လက်ခံကျင့်သုံးလာအောင် ချဉ်းကပ်နိုင်ဖို့ပါပဲ။  အပေါ်မှာ  တင်ပြခဲ့ပြီးဖြစ်သလို ပါပဲ၊ ဘယ်သူက အခွင့်အာဏာရှိသူဆိုတာကို စိစစ် ရမှာကလည်း မူဝါဒဆိုင်ရာပညာရှင်ရဲ့အလုပ်ပါပဲ။

 


အဆုံးအဖြတ်ပြုနိုင်သူက   လက်ခံလိုက်ပြီ ဆိုဦးတော့၊ လုပ်ငန်းက  မပြီးသေးပါဘူး။  အဆုံး အဖြတ်ကို        အကောင်အထည်ဖော်မယ့်သူက ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းမဟုတ်ပါဘူး။ သက်ဆိုင်သူတွေ အများကြီးရှိနေမှာပါ။ အကောင် အထည်ဖော်ရာလမ်းခရီးတစ်လျှောက်မှာ   အတိမ်း အစောင်း အချွတ်အချော်တွေဆိုတာ ဖြစ်လာနိုင်ခြေ တွေရှိနေပါသေးတယ်။ ဒီလိုဒီလိုအခြေအနေတွေ အတွက်လည်း အချိန်အခါ အားလျော်စွာ လိုအပ်တာ တွေ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့အတွက် မူဝါဒပညာ ရှင်က အသင့်ရှိနေရဦးမှာပါ။

 


အများပြည်သူအကျိုးစီးပွား


အဆုံးအဖြတ်ပြုသူက လက်မခံလိုက်ဘူးလား။ “ကိုယ့်တာဝန်တော့ကျေပြီ၊    သူ့ထိုက်နဲ့သူ့ကံ နေရစ်ကြပေတော့”ဆိုပြီး ကိုယ်လွတ်ရုန်းလို့မဖြစ် သေးပြန်ဘူးတဲ့။ ဒီနေရာမှာ သတိချပ်ရမှာက ကိုယ် ဦးတည်ထားတဲ့အကျိုးစီးပွားက   မူဝါဒဖန်တီးသူ ကိုယ်ကိုယ်တိုင်ရဲ့အကျိုးစီးပွားလည်းမဟုတ်ဘူး။အဆုံးအဖြတ်ပြုနိုင်သူရဲ့     အကျိုးစီးပွားလည်း မဟုတ်ဘူးဆိုတာကိုပါပဲ။ အဓိကဦးတည်ထားတာ က   အများပြည်သူအကျိုးစီးပွားဖြစ်တဲ့အတွက် အများပြည်သူအကျိုးမရှိမချင်း    အကျိုးရှိရာရှိ ကြောင်း    ဘက်ပေါင်းစုံကချဉ်းကပ်သုံးသပ်ပြီး အကောင်အထည်ဖော်ဖြစ်လာအောင် စွမ်းနိုင်သမျှ ကြိုးပမ်းကြည့်ရမှာပါ။

 


မူဝါဒစက်ဝန်းလို့ ဆိုခဲ့ပါတယ်။ အများပြည်သူဆိုင်ရာပြဿနာတစ်ရပ်ကို  သတိပြုမိချိန်ကစပြီး ဒီပြဿနာကို အကျေအလည်ဖြေရှင်းပြီးချိန်အထိ စက်ဝန်းတစ်ခုဆိုပါတော့။ အစအဆုံးတစ်ပတ်ပြည့် အောင်လည်မှ အဆင်ပြေမှာပါ။ ကြားအဆင့်တွေမှာ နောက်ပြန်လှည့်သွားကြသူတွေရှိပါလိမ့်မယ်။ ရှိရုံ မက များကို များနေပါလိမ့်မယ်။ လည်တော့လည် တယ်၊ တစ်ပတ်မပြည့်ဘူးဆိုတာ ဒီအနေအထားမျိုး ကို ညွှန်းရမှာပါ။ တစ်ပတ်ပြည့်အောင် လည်နိုင်ဖို့ တကယ်ကိုလိုအပ်ပါတယ်။

 


ပြဿနာကိုလည်းမြင်နိုင်စွမ်းရှိတဲ့သူ၊ ပြဿနာ ရဲ့အဖြေကိုလည်း မြင်နိုင်စွမ်းရှိတဲ့သူ၊ ဒီအဖြေကို အကောင်အထည်ဖော်ဖို့ ဘာတွေလိုသလဲဆိုတာကို သိတဲ့သူ၊ လိုနေတာတွေကို ဖြည့်ဆည်းပေးနိုင်မယ့် အရင်းအမြစ်တွေကိုလည်း သိမြင်တဲ့သူ၊ ဒီဖြစ်စဉ် ကြီးကို    ရည်ရွယ်ရာအတိုင်း     ပေါက်မြောက် အောင်မြင်အောင် ဘယ်လိုပုဂ္ဂိုလ်မျိုးက စွမ်းဆောင် နိုင်မလဲဆိုတာ သိတဲ့သူ၊ စွမ်းနိုင်သူရှိရာဆီကိုလည်း ရဲရဲဝံ့ဝံ့ ချဉ်းကပ်ဝံ့တဲ့သူ၊ နားလည်သဘောပေါက် လက်ခံလာအောင်လည်း    ဖွင့်ဆိုရှင်းပြနိုင်တဲ့သူ၊ အဆိုပြုလိုက်တဲ့မူကြောင့်    အဆိုပြုသူအပေါ်မှာ ကျရောက်လာနိုင်မယ့် ဘေးအန္တရာယ်တွေကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိတဲ့သူ၊ အဆိုပြုလိုက်မယ့်မူဝါဒကိုအကောင်အထည်ဖော်ရာ     လမ်းခရီးကိုလည်း ဖြောင့်တန်းချောမွေ့အောင်    ပံ့ပိုးပေးနိုင်မယ့်သူ။ မူဝါဒစက်ဝန်းမှာ ဒီလိုဒီလိုပညာရှင်တွေ အမြောက် အမြားပေါ်ထွန်းလာပါစေကြောင်း    ဆုမွန်တွေ တောင်းနေမိပါရဲ့။        ။