မူပိုင်ခွင့်နှင့် ယနေ့လူငယ်

Type

ဒေါက်တာမိုးမိုးသွယ် (မဗေဒါ)
 

“အနာဂတ်လှပစေဖို့ ဆန်းသစ်တီထွင်ကြပါစို့”
“ယနေ့လူငယ်နောင်ဝယ်လူကြီး” ဟူသည့် ဆိုစကားအတိုင်း ယနေ့လူငယ်များသည် အနာဂတ် ၏ ခေါင်းဆောင်များဖြစ်ကြသည်။  အနာဂတ် နိုင်ငံတော်၏ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ စည်ပင်သာယာဝပြောမှုသည် ယနေ့ လူငယ်များ၏  အသိဉာဏ်ပညာ အတွေးအခေါ် မြင့်မားမှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ် များစွာ မူတည်သည်။ သို့ဖြစ်၍ နိုင်ငံ့ခွန်အားအစစ်ဖြစ်သော လူငယ် လူရွယ်လေးများကို ကျောင်းနေစဉ်အရွယ် မှစ၍  နည်းလမ်းမျိုးစုံဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။  ထိုသို့လူငယ်များကို အရည်အချင်း ပြည့်ဝသည့် လူကောင်း လူတော်လေးများ ဖြစ်လာ စေရန် ပျိုးထောင်ရာတွင် မူပိုင်ခွင့်စနစ်သည်များစွာ အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။
မူပိုင်ခွင့်ဆိုသည်မှာ
မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏စိတ်ကူးစိတ်သန်းနှင့် အသိဉာဏ်ကိုအသုံးပြု၍    ဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာသော  စာပေ၊  ဂီတ  စသည့်ဖန်တီးမှု အနုပညာ လက်ရာများနှင့် ဆန်းသစ်သောနည်းပညာ များဖြင့် တီထွင်ထားသော လူသုံးကုန်ပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ စသည်တို့ကို တီထွင်ဖန်တီး သူက ပိုင်ဆိုင်မှုရရှိစေရန်နှင့် အသုံးပြုခွင့်ရရှိခြင်း ဖြစ်သည်။ ၎င်းတို့တွင် ထုတ်ကုန်အသစ်လက်ရာများ နှင့် ထုတ်လုပ်မှုနည်းစဉ်များကို “တီထွင်မှုမူပိုင်ခွင့်” (Patent) ဖြင့်လည်းကောင်း၊ ထုတ်ကုန်၏ ပြင်ပ အသွင်အပြင်နှင့် ပုံပန်းသဏ္ဌာန်တို့ကို “ဒီဇိုင်းမူပိုင် ခွင့်” (Design) ဖြင့်လည်းကောင်း အကာအကွယ်ရရှိ နိုင်သည်။ အဆိုပါထုတ်ကုန်များကို သိမှတ်နိုင်သည့် အမှတ်တံဆိပ်များကို      မှတ်ပုံတင်ခြင်းဖြင့် “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်” (Trademark) ရရှိနိုင် မည်ဖြစ်သည်။ ထုတ်ကုန်၏ ကြော်ငြာများ၊ ရုပ်ပုံ ကားချပ်များ၊ စာပေ၊ အနုပညာ၊ သတင်းဆောင်းပါး များ စသည့်အနုသုခုမလက်ရာများကို “စာပေနှင့်အနုပညာမူပိုင်ခွင့်”(Copyright) ဖြင့် အကာအကွယ် ရရှိမည်ဖြစ်သည်။
မူပိုင်ခွင့်     အကာအကွယ်ပေးမှုစနစ်သည် ဆန်းသစ်တီထွင်ဖန်တီးသူများနှင့် လက်ခံသုံးစွဲသူ များအကြား မျှတသောအခွင့်အရေးများကို ပေးစွမ်း နိုင်သည်။  မူပိုင်ခွင့်သည် မမြင်တွေ့နိုင်သော အကြံ ကောင်း၊ ဉာဏ်ကောင်းများ၊ စိတ်ကူးစိတ်သန်းများ ကို လက်တွေ့မြင်တွေ့နိုင်၊ အသုံးပြုနိုင်သည့် ပစ္စည်း များအဖြစ်သို့  ပြောင်းလဲစေခြင်းဖြင့် လူ့ဘောင် လောကကို တိုးတက်သာယာဝပြောစေနိုင်သည်။ ဥပမာအားဖြင့်ဆိုရလျှင် တီထွင်မှုမူပိုင်ခွင့်(Patent)သည် တီထွင်သူကို ၎င်း၏ဆန်းသစ်တီထွင်မှုအတွက် တစ်ဦးတည်းမူပိုင်ခွင့်ကို အနှစ် ၂၀ ခံစားရရှိစေပြီး ၎င်း၏  တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာ ခြင်းဖြင့် အခြားသူများအား အဆိုပါ တီထွင်မှုနည်း စဉ်များကို လေ့လာခွင့်ရစေခြင်းဖြင့်  ပိုမိုဆန်းသစ် သော  နည်းပညာများကို  ဆန်းသစ်တီထွင်နိုင်ခွင့် ရရှိစေသည်။
ဘဝသစ်တစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိ
တီထွင်သူသည် တီထွင်မှုမူပိုင်ခွင့်ကို အနှစ် ၂၀ ထိတိုင် တစ်ဦးတည်းမူပိုင်ခွင့်ကို အသုံးပြုခွင့် ရရှိခြင်းဖြင့် မိမိ၏ တီထွင်မှုကို ကိုယ်ပိုင်အသုံးပြုနိုင် ခြင်း၊ အခြားအသုံးပြုလိုသူများကို အသုံးပြုခွင့် ပေးခြင်းဖြင့် ဝင်ငွေများစွာရရှိစေခြင်း၊ ၎င်းနည်းပညာ ကို မိမိ၏ခွင့်ပြုချက်မရှိဘဲ  အသုံးပြုသူများထံမှ တားမြစ်နိုင်ခြင်းနှင့် နစ်နာကြေး တောင်းခွင့်ရှိခြင်း စသည့်အခွင့်အရေးများကို  ရရှိနိုင်သည်။  မိမိ နည်းပညာဆန်းသစ်မှုမှ   လုပ်ငန်းသစ်    တစ်ခု တည်ထောင်ဆောင်ရွက်နိုင်ခြင်း (စွန့်ဦးတီထွင်သူ)ကြောင့်  မိမိ၏ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖြစ်တည် စေလာနိုင်ခြင်းဖြင့် တီထွင်သူဘဝမှ လုပ်ငန်းရှင်ဘဝ သို့ တိုးတက်ပြောင်းလဲရောက်ရှိနိုင်မည် ဖြစ်သည်။  သို့ဖြစ်၍ မူပိုင်ခွင့်ကို ကျောထောက်နောက်ခံပြုထား သော ဆန်းသစ်တီထွင် ဖန်တီးလိုစိတ်သည်  မတူ ကွဲပြားခြားနားသော ဘဝသစ်တစ်ခုကို ဖန်တီးပေး နိုင်စွမ်းရှိသည့် လက်နက်တစ်ခုဟု ဆိုကြခြင်းဖြစ် သည်။
ကျွန်ုပ်တို့သည် လက်ရှိဘဝတွင် ကြုံတွေ့နေရ သော   အခက်အခဲများနှင့်  စိန်ခေါ်မှုများအပေါ် လေ့လာသုံးသပ်ပြီး ၎င်းတို့ကို ကျော်လွှားနိုင်စေရန် အတွက် နည်းလမ်းများနှင့် အဖြေများရရှိစေရန် မလျှော့သော ဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြ ခြင်းကြောင့် အဆင့်မြင့်နည်းပညာများဖြင့် ပြုလုပ် ထားသော   လူ့အသုံးအဆောင် ပစ္စည်းများကို ထုတ်လုပ်နိုင်ခဲ့ကြပြီး ဘဝ၏အခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့ကြသည့်အပြင်    လူနေမှုအဆင့် အတန်းမြင့်မားလာခဲ့ကြရသည်။ ယနေ့အင်တာနက် ခေတ် (သို့မဟုတ်)          ဒစ်ဂျစ်တယ်ခေတ်တွင် အဆင့်မြင့်နည်းပညာဖြင့်    ထုတ်လုပ်ထားသော   လူ့အသုံးအဆောင်ပစ္စည်းများကြောင့်    (ဥပမာ- smart phone) မိမိတို့၏လုပ်ငန်းများကို  ယခင်က ထက်  လွယ်ကူလျင်မြန်စွာ   ဆောင်ရွက်နိုင်ခြင်း၊  အချိန်သက်သာခြင်း၊  အသိပညာ၊  အတတ်ပညာများ ကို    လွယ်ကူစွာလေ့လာခွင့်ရရှိခြင်း၊   စီးပွားရေး လုပ်ငန်းများကို နည်းလမ်းသစ်များဖြင့် ဆောင်ရွက် နိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း စသည့်များစွာသော အကျိုးကျေးဇူးများကို ရရှိခြင်းဖြင့် ကောင်းမြတ် သော ဘဝများကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြသည်။ သို့ဖြစ်၍ ယနေ့လူမှုဘဝတွင် တွေ့ကြုံနေရသော အခက်အခဲ များ၊ စိန်ခေါ်မှုများသည် နောင်အနာဂတ်ကမ္ဘာကြီး လှပ သာယာစေရန်အတွက် ဆန်းသစ်တီထွင်မှုများ ကို ပြုလုပ်စေရန် တွန်းအားပေးသည်။
ကောင်းမွန်သောအနာဂတ်ကို လျှောက်လှမ်း
ကမ္ဘာတစ်ဝန်းလုံးတွင်     လူငယ်များသည် ၎င်းတို့၏ ဉာဏစွမ်းရည်၊ စူးစမ်းလေ့လာတတ်မှုနှင့် ဖန်တီးတီထွင်နိုင်မှုများ      စသည်တို့ကိုအသုံးချ၍ ဆန်းသစ်တီထွင်ရန် စိန်ခေါ်မှုများကို ကျော်လွှားပြီး ပိုမိုကောင်းမွန်သော  အနာဂတ်လူ့ဘောင်သစ်ဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။ သို့ဖြစ်၍ ဆန်းသစ် ၍နိုးကြားတက်ကြွသော ဖန်တီးနိုင်စွမ်းရှိသည့် စိတ်ကူးစိတ်သန်းများသည် ပို၍စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်သောအနာဂတ်ကို လျှောက်လှမ်း ရာတွင်    ကူညီပံ့ပိုးနိုင်မည့် ပြောင်းလဲမှုများ၏ မောင်းနှင်အား    တစ်ရပ်ဖြစ်သည်။  လူငယ်များ အတွက်   မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေရန် အထောက်အပံ့ပေးနိုင်မှု၊ စိတ်ကူးစိတ်သန်းများ နှင့် အတွေးအခေါ်များကို အကောင်အထည်ဖော်နိုင်မှု၊ ဝင်ငွေများရရှိနိုင်မှု၊  အလုပ်အကိုင်အခွင့်အလမ်း များနှင့် ၎င်းတို့၏ လူနေမှုဘဝကိုတိုးတက်စေနိုင်မှု စသည်တို့ကို ပြုစွမ်းနိုင်သည်ကို သိနားလည်စေရန် လေ့လာသင့်သည့် ပညာရပ်တစ်ခုဖြစ်သည်။
လူငယ်များ၏ သိပ္ပံ၊ ဝိဇ္ဇာနှင့် နည်းပညာရပ် နယ်ပယ်အသီးသီးတို့တွင် ဆန်းသစ်တီထွင် ဖန်တီး လိုသော   စိတ်ကူးစိတ်သန်းများကို မူပိုင်ခွင့်နှင့် ပေါင်းစပ်လုပ်ကိုင်ပါက  မတူကွဲပြားထူးခြားစွာ အောင်မြင်သည်ကို          တွေ့ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အုပ်ချုပ်မှုနှင့် မူဝါဒပိုင်းဆိုင်ရာ          ဆောင်ရွက်နေသူများသည် ဆန်းသစ်တီထွင်  ဖန်တီးလိုသော  လူငယ်များနှင့်  စွန့်ဦးတီထွင်လိုသူများ၏           လိုအပ်ချက်များ၊ တောင်းဆိုမှုများကိုသိရှိနားလည်ပြီး ၎င်းတို့၏ကြိုးစား အားထုတ်မှုများကို    အသိအမှတ်ပြုအားပေး၍ ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့ဘောင်လောက ဖြစ်ပေါ်လာနိုင်ရေးအတွက် မူဝါဒများနှင့် စီမံကိန်း များချမှတ်၍ ပြုစုပျိုးထောင်ခြင်းဖြင့် လူငယ်များ၏ အံ့မခန်းစွမ်းပကားကို      နိုင်ငံတည်ဆောက်ရေး  လုပ်ငန်းများတွင်  ထိရောက်စွာအသုံးပြုနိုင်မည် ဖြစ်သည်။
ဆန်းသစ်တီထွင်သူများဖြစ်စေရန်ပုံဖော်
ယနေ့လူငယ်များသည် မယုံနိုင်စရာကောင်း လောက်အောင်    တွေးခေါ်ဖန်တီးနိုင်စွမ်းရည်နှင့်  လုပ်ကိုင်နိုင်စွမ်းရည်  မြင့်မားကြသည်။  ကမ္ဘာ တစ်ဝန်းလုံးတွင် ပျမ်းမျှအသက် ၂၄ နှစ်ခန့်ရှိသော လူငယ် လူရွယ်အရေအတွက်သည်     ခန့်မှန်းခြေ အားဖြင့် ၁ ဒသမ ၈ ဘီလီယံခန့်ရှိသည်။ ၎င်းတို့ အနက် ၉၀ ရာခိုင်နှုန်းသော လူငယ် လူရွယ်များသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြ ပြီး အသက်  ၃၅ နှစ်အောက် လူငယ်လူရွယ် အမျိုး အစားသည်  လာမည့်နှစ်များတွင်   ပိုမိုတိုးတက် လာနိုင်သည်ကို လေ့လာတွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ ဒေသအားလုံးတွင်ရှိသော လူငယ် လူရွယ်များသည် ပြောင်းလဲမှုနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ပုံဖော်နိုင်မည့် လမ်းကြောင်းများကို ရှာဖွေခဲ့ကြသူ များဖြစ်သည်။ သို့ဖြစ်၍ ယနေ့ခေတ်လူငယ်များကို “ပြောင်းလဲမှုပြုသူများ” ဟု တင်စားနိုင်သည်။ ၎င်းတို့ သည်  ဒစ်ဂျစ်တယ်ခေတ် (သို့မဟုတ်) အင်တာနက် ခေတ်တွင် ကြီးပြင်းလာကြသူများဖြစ်ပြီး လက်တွေ့ ဆန်သူများ၊ ရဲရင့်သူများနှင့် လက်ရှိအခြေအနေများ ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသူများဖြစ်ကြသည်။ သို့ဖြစ်၍  ယနေ့ခေတ်  ရုပ်ပတ်ဝန်းကျင်နှင့် ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တို့အကြား ပေါ်ပေါက်လာ သော အငြင်းပွားမှုများက    ယနေ့လူငယ်များကို စွန့်ဦးတီထွင်သူများ၊   ဆန်းသစ်တီထွင်သူများ ဖြစ်စေရန် ပုံဖော်ပေးခဲ့ကြသည်။
လူငယ်များသည် ၎င်းတို့၏ဘဝတွင် တွေ့ကြုံ လာရသော အခက်အခဲများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် တီထွင်မှု မူပိုင်ခွင့် ပိုင်ရှင်များ          ဖြစ်ခဲ့ကြသည်။   ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင်    Robert Patch  အမည်ရှိ  ၆ နှစ်အရွယ်   ကလေးငယ်တီထွင်ခဲ့သော “Toy Truck” ကို တီထွင်မှု မူပိုင်ခွင့်ပေးခဲ့သည်။ အဆိုပါ “Toy Truck” ကို Robert  သည် အိမ်သုံးစွန့်ပစ်ပစ္စည်း များဖြစ်သည့် ဖိနပ်ဘူးများ၊ ပုလင်းဖုံးများကို အသုံးပြု ၍ စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ဆန်းသစ်တီထွင် ခဲ့ခြင်းဖြစ်သည်။ Robert ကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် အရွယ်မရောက်သေးသည့် လူငယ်များ တီထွင်ခဲ့သည့် တီထွင်မှုမူပိုင်ခွင့်များစွာရှိသည်။ လူငယ်များသည် သစ်လွင်ဆန်းသစ်သော နည်းလမ်းများဖြင့် ကမ္ဘာ လောကကြီးကို  ကြည့်မြင်ပြီး  ပြောင်းလဲမှုများကို ပြုလုပ်ရန် စိတ်ကူးကြံဆခြင်းဖြင့် ဆွဲဆောင်နိုင် သူများဖြစ်သည်။ 
ပတ်ဝန်းကျင်သစ်တစ်ရပ်ကို ဖန်တီးပေးရန်လို
ဗြိတိန်နိုင်ငံ၏     စာသင်ကျောင်းများတွင် ကလေးများစိတ်ဝင်စားမည့် ကာတွန်းဇာတ်ကောင် များကို အသုံးပြု၍ ၅ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေး ငယ်များ၏  ဆန်းသစ်သော အတွေးအခေါ်များ ပေါ်ထွက်လာစေရန် တွန်းအားပေးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်  လူငယ်တစ်ဦး  တီထွင်ခဲ့သော  နေအိမ် သို့မဟုတ် အပန်းဖြေဥယျာဉ် သို့မဟုတ် လူစည်ကား သည့်နေရာများတွင် ပျောက်ဆုံးခဲ့သောပစ္စည်းများ ကို  ရှာဖွေနိုင်သည့်စက်ကိရိယာပစ္စည်းများ တီထွင် ခဲ့မှုကြောင့်   ဗြိတိန်မူပိုင်ခွင့်ရုံး(UKIPO)  အနေဖြင့် လူငယ်ဆန်းသစ်တီထွင်သူများအတွက်   များစွာ ဂုဏ်ယူပါကြောင်းနှင့် လူငယ်များ၏ တွေးခေါ်ကြံဆ မှုနှင့် ဆောင်ရွက်မှုများကို လေးစားစွာဖြင့် မူပိုင်ခွင့် အကာအကွယ်ပေးရန် လိုအပ်ကြောင်း ဖော်ပြခဲ့ သည်။ သို့ဖြစ်၍ တီထွင်ဖန်တီးနိုင်စွမ်းရည် မြင့်မား သော လူငယ် လူရွယ်များကို ကျောင်းနေစဉ်အရွယ်မှ စ၍    အတွေးအမြင်သစ်များ    ရရှိစေနိုင်မည့် ပတ်ဝန်းကျင် သစ်တစ်ရပ်ကိုဖန်တီးပေးရန် လိုအပ် သည်။ 
မြန်မာနိုင်ငံတွင်လည်း  ခေတ်အဆက်ဆက် ဆန်းသစ်တီထွင်နိုင်သူ       လူငယ်လူရွယ်များ ပေါ်ပေါက်ခဲ့သည်။  ၂၀၁၈ ခုနှစ်တွင်   ရတနာပုံ ဆိုက်ဘာစီးတီးမှ မြန်မာအင်ဂျင်နီယာကျောင်းသား အဖွဲ့သည် Texas A&M’s Engineerning Innovation Center မှ ကျောင်းသားများနှင့်ပူးပေါင်း၍ အပ်ချုပ် စက်ငယ်တစ်လုံးလည်ပတ်မှုမှ  လျှပ်စစ်စွမ်းအင် ရရှိစေရန် သုတေသနပြုဆောင်ရွက်နိုင်ခဲ့ပြီး EDU-Lighter Device ကို လျှပ်စစ်မီးမရရှိသည့် နေရာများ တွင် ကျောင်းသားများစာကြည့်နိုင်ရန် လျှပ်စစ်မီး ပေးနိုင်သည့်ကိရိယာအဖြစ် အသုံးပြုရန် ဆန်းသစ် တီထွင်နိုင်ခဲ့သည့်အတွက်    ကမ္ဘာမှ   မြန်မာ ကျောင်းသားများ၏  စွမ်းရည်ကို ဂုဏ်ပြုခဲ့ကြသည်။ 
တက္ကသိုလ်များသည် လူငယ်များအတွက် အတတ်ပညာများကို သင်ကြားလေ့လာနိုင်သည့် နေရာဌာနဖြစ်သည်သာမက လူငယ်များ၏ စိတ်ကူး အကြံအစည် (Idea)များကို လက်တွေ့အကောင် အထည်ဖော်နိုင်စေရန်     ကူညီပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းများကို စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်သည်။ လူငယ်များ၏ တီထွင်နိုင်စွမ်းရည်၊ စူးစမ်းလိုမှု၊ ဆန်းသစ်တီထွင်လိုသည့် စိတ်ဓာတ်များ ကို မြေတောင်မြှောက်ပေးနိုင်သည့် လေ့လာသင်ယူမှု များ၊ လေ့ကျင့်ပေးမှုများ၊ ကူညီပံ့ပိုးပေးမှုများ၊ ယှဉ်ပြိုင်မှုများ၊ ပြပွဲပြိုင်ပွဲများ၊ ပူးပေါင်းဆောင်ရွက် မှုများ စသည်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ ဉာဏစွမ်းအားများကို အကောင်းဆုံး အသုံးချနိုင်သည့် အခွင့်အလမ်းကောင်းများကို ရရှိ စေနိုင်သည်။                  
လူငယ်များ၏   အသိဉာဏ်စေစားမှုများမှ ထွက်ပေါ်လာသော အသီးအပွင့်များကို လက်တွေ့ အသုံးချနိုင်စေရန်အတွက်    တက္ကသိုလ်များ၏ လက်တွေ့စမ်းသပ်ခန်းများတွင် လိုအပ်သည့် စက် ပစ္စည်း ကိရိယာများ၊ သုတေသနဆောင်ရွက်ရာတွင် လိုအပ်သည့်ပစ္စည်းများ၊   စာကြည့်တိုက်များနှင့် အခြားလိုအပ်ချက်များကို  ဖြည့်ဆည်းပေးထား နိုင်ရန်  လိုအပ်မည်ဖြစ်သည်။  ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်များတွင်  လူငယ်များ၏   စွမ်းရည်ကို ကောင်းစွာအသုံးချနိုင်စေရန်  စီမံဆောင်ရွက်ထား သည့် တက္ကသိုလ်များသည် လူ့ဘောင်လောက အတွက်  လိုအပ်သော ဆန်းသစ်တီထွင်မှုများစွာကို ထွက်ပေါ်စေနိုင်ပြီး   နည်းပညာဆိုင်ရာ တီထွင်မှု မူပိုင်ခွင့်(Patent)များစွာကို     ပိုင်ဆိုင်ခြင်းဖြင့်   ကြွယ်ဝချမ်းသာလာသည်ကို   တွေ့ရှိနိုင်သည်။ ထိုသို့ နည်းပညာကို ပိုင်ဆိုင်မှုကြောင့် ၎င်းနည်း ပညာကို အသုံးပြုလိုသူများထံမှရရှိသည့် အခကြေး ငွေများ  ပိုင်ဆိုင်လာမှုမှသည် ပိုမိုဆန်းသစ်သော သုတေသနလုပ်ငန်းများကို     ရင်းနှီးမြှုပ်နှံလာနိုင် ခြင်းဖြင့် နောက်ထပ်၊ နောက်ထပ်သော ဆန်းသစ် တီထွင်မှုများကို ဆောင်ရွက်လာနိုင်သည်။
သို့ဖြစ်၍    စိတ်ကူးစွမ်းရည်မြင့်မားသော   လူငယ်များကို  ၎င်းတို့၏  ငယ်ရွယ်စဉ်ဘဝကပင် ကိုယ်ပိုင်စွမ်းရည်ကို  အသုံးချခြင်းဖြင့်   ရရှိလာနိုင် သည့်   အခွင့်အလမ်းများ၊  အကျိုးကျေးဇူးများကို သိနားလည်စေခြင်းဖြင့် ကိုယ်ပိုင်တီထွင်ဖန်တီးလိုစိတ်များကို   နှိုးဆွပေးနိုင်မည်ဖြစ်သည်။   ထိုသို့ ဆောင်ရွက်ရာတွင်  မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟု သုတများသည် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မည့်အပြင် နည်းမှန်၊ လမ်းမှန်ဖြင့် မိမိတို့၏  အနာဂတ်ကိုပုံဖော်ရာတွင်  လိုအပ်မည့်အထောက်အပံ့ကောင်းများကို  ပေးစွမ်းနိုင်မည်ဖြစ် သည်။    သို့ဖြစ်၍  လူငယ်ထုအတွင်းသို့  မူပိုင်ခွင့်များ စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာဖြန့်ဝေမှုများကို ကျောင်း နေစဉ်အရွယ်မှစ၍ မိတ်ဆက်ထိတွေ့ပေးနိုင်မည်ဆိုလျှင်  နိုင်ငံ့ခွန်အားဖြစ်မည့်  ဆန်းသစ်တီထွင် လိုစိတ်ပြင်းပြသော အနာဂတ်ခေါင်းဆောင်ကောင်း များကို   မွေးထုတ်ပေးနိုင်မည်ဟု   ယုံကြည်မိပါ သည်။      ။