မူဆယ်မြို့၌ နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းဖွင့်

 

မူဆယ်   ဇွန်    ၁၅ 


မြန်မာနိုင်ငံ   လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့်    ရှမ်းပြည်နယ်  မူဆယ်ခရိုင် ပရဟိတလူမှုကူညီရေးအသင်းပေါင်းစုံမှ   ကြီးမှူး၍  နိုင်ငံတကာအဆင့်မီအရေးပေါ်    အသက်ကယ်သင်တန်းကို  ဇွန်   ၁၅  ရက်က  မူဆယ်မြို့ မြို့တော်ခန်းမ၌ ဖွင့်လှစ် သည်။

 


သင်တန်းဖွင့်ပွဲတွင် မူဆယ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုး၊  သီပေါ၊ မူဆယ်၊  ကွတ်ခိုင်၊  မိုင်းရယ်၊ ကွန်လုံ၊ နမ့်ခမ်း၊  မုံးပေါ်နှင့် မန္တလေး၊ ရန်ကုန်မြို့တို့မှ  သင်တန်းသား     သင်တန်းသူများ  တက်ရောက်ကာ  ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး  ဦးမောင်မောင်က အမှာစကားပြောကြားပြီး    မြန်မာနိုင်ငံ   လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို)ဥက္ကဋ္ဌ   ဦးလှထွန်း(လူမှုထူးချွန်)က သင်တန်းဖွင့်လှစ်ရခြင်း  ရည်ရွယ်ချက်များကို  ရှင်းလင်း ပြောကြားသည်။

 


ယင်းနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှထွန်းနှင့် သင်တန်းနည်းပြ ဆရာ ဆရာမများက မတော်တဆယာဉ်တိုက်မှု၊    သဘာဝဘေးအန္တရာယ်ကျရောက်မှုများ ကြုံတွေ့လာပါက နည်းစနစ်တကျ  အချိန်မီကယ်တင်ရမည့်  နည်းလမ်းများကို လက်တွေ့ပြသခဲ့သည်။

 


သင်တန်းကို   မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဇွန် ၁၅ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 
                     

သန့်ဇင်(မူဆယ်)