
မူဆယ် အောက်တိုဘာ ၁
မူဆယ်ခရိုင် မူဆယ်မြို့နယ် မူဆယ်( ၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့ပြည်သူ့ အစိုးရမှ ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ခဲ့သော ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်ရောဂါ ကုသရေးစင်တာဖွင့်ပွဲအခမ်းအနားကို အောက်တို ဘာ ၁ ရက် မွန်းလွဲ ၂နာရီခန့်က ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ် -၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး (မူဆယ်) ခရိုင်အဆင့် လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် တရုတ်နိုင်ငံ တယ်ဟုန် ပြည်နယ်ခွဲဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ လျိုယီဖုန့် တို့က အမှာစကားပြောကြား သည်။
ထို့နောက် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီ ပြည်သူ့အစိုးရကိုယ်စား နယူး စတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် စီမံကိန်း ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းနိုင်က ခုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသရေး စင်တာနှင့် ပတ်သက်သည့်စာရွက် စာတမ်းများအား ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းထံ လွှဲပြောင်းပေး အပ်သည်။
ယင်းနောက် ခရိုင်အုပ်ချုပ် ရေးမှူး၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး၊ အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်း၊ မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးနှင့် တာဝန်ရှိ သူများက ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ကုသရေးစင်တာကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ခုတင် ၁၀၀၀ဆံ့ ကိုဗစ် ကုသရေးစင်တာတွင် ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ရန်အတွက် ဆရာဝန် သုံးဦး၊ သူနာပြု ခုနစ်ဦး၊ စေတနာ့ဝန်ထမ်း ၄၀နှင့် လူမှုကူညီရေးအသင်း အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များက ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကုသရေး စင်တာ ဖွင့်လှစ်နိုင်ခြင်းကြောင့် မူဆယ်ဒေသအတွက် သာမက မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှု အဆင်ပြေရေးအတွက် များစွာအထောက်အကူ ပြုနိုင် မည်ဖြစ်ပြီး ကုန်စည် ကူးသန်း ရောင်းဝယ်ရေးနှင့် ဆက်စပ်သူ များဖြစ်သည့် ကုန်တင်ယာဉ် မောင်း၊ ယာဉ်နောက်လိုက်များ နှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူများအား ကိုဗစ်-၁၉ ရောဂါ ကုသပေးနိုင်ရေးနှင့် ရောဂါ ကူးစက်မှု လျှော့ချနိုင်ရေး အဓိက ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)