မုန်တိုင်းငယ်၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်

 

နေပြည်တော်   ဒီဇင်ဘာ   ၅


ယနေ့ ည ၉ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း  (အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေအနီး) တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၁၅ မိုင်ခန့်၊   ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၉၀ ခန့်၊   အိန္ဒိယနိုင်ငံ  ဆာဂါကျွန်း၏ တောင်-အနောက် တောင်ဘက်   ရေမိုင် ၁၂၀ ခန့်၊ ပူရီမြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၆၀  ခန့်နှင့် ပါရာဒစ်ရှ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 


    မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။ မုန်တိုင်းငယ်သည် ည ၉ နာရီခွဲတွင် မြောက်လတ္တီကျု ၂၀ ဒသမ ၁ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု  ၈၆ ဒသမ ၉ ဒီဂရီတွင်ရှိပြီး  ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်သည်။

 


    အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး ဒီဇင်ဘာ ၆ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ကာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ ရောက်ရှိမည် ဟု ခန့်မှန်းရသည်။  မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၇၂ နာရီ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။  မိုးသက်လေပြင်းကျစဉ်  ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅   မိုင်အထိ တိုက်ခတ်နိုင်သည်။  လှိုင်းအမြင့် မှာ မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။

 


သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်း တိုက်ခတ်ခြင်းများ  ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌  သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ် ပါသည်။                            

မိုး/ဇလ