
မုံရွာ မေ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မုံရွာမြို့နယ်အတွင်းရှိ အ.ထ.က(၂)၊ မုံရွာမြို့ နှင့် အ.ထ.က(၂) အလုံ၊ မုံရွာမြို့ အခြေခံပညာ အထက်တန်းကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ခု ပညာသင်နှစ် KG+9 အောင်မြင်ထားသော ကျောင်း သား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းတွင် တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့် အလမ်းများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အ.ထ.က(၂) ခန်းမတွင်လည်း ကောင်း၊ ညနေပိုင်းတွင် (အလုံ)အ.ထ.က(၂) ခန်းမ တွင်လည်းကောင်း ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများအနက် နံနက် ပိုင်း အ.ထ.က(၂)၊ မုံရွာမြို့ အခြေခံပညာအထက် တန်းကျောင်း တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မုံရွာခရိုင်ဦးစီးမှူးက စိုက်ပျိုး ရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့် အခြေအနေ၊ တက်ရောက်ပညာသင်ယူမည့် ကျောင်း သား ကျောင်းသူများ ရရှိနိုင်သော အခွင့်အလမ်းများ နှင့် ကျောင်းအပ်လက်ခံဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မုံရွာခရိုင်ဦးစီးမှူးက မွေးမြူရေးအထက်တန်းကျောင်း သို့ တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်း များ ရှင်းလင်းဆွေးနွေးပြီး အခြေခံပညာဦးစီးဌာန မုံရွာခရိုင်ဦးစီးမှူးက စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ KG+9 အောင် ကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်ရေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား မိဘများက သိရှိလိုသည်များ စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
အဆိုပါအဖွဲ့သည် ညနေပိုင်းတွင် အ.ထ.က(၂)အလုံ၊ မုံရွာမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး နှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့် အခြေအနေနှင့် KG+9 အောင် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူနိုင်ရေးနှင့် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား ကျောင်း သူများ ရရှိနိုင်မည့်အခွင့်အလမ်းများကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသော ကျောင်းသား မိဘများက သိရှိလိုသည်များ မေးမြန်းဆွေးနွေး ကြသည်။
အဆိုပါ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်း ကျောင်းသို့ တက်ရောက်ပညာသင်ယူလိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်း အပ်နှံရေးနှင့် ကျောင်းတက်ရောက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းလိုပါက သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများတွင် ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ကျောင်းဝင်ခွင့် လျှောက်လွှာများကို စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ရပ်များ တွဲဖက်သင်ကြားမည့် အ.ထ.က(၂)အလုံ၊ မုံရွာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မေ ၅ ရက်မှ စတင်ထုတ်ယူပြီး မေ ၁၈ ရက် နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းများသို့ လျှောက်လွှာ တင်သွင်းနိုင်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)