မုဒုံမြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

မုဒုံ ဇူလိုင် ၁၀
မွန်ပြည်နယ်    မော်လမြိုင်ခရိုင်    မုဒုံမြို့နယ်၌ သိပ္ပံနည်းကျ   ကောက်စိုက်စက်ဖြင့်   မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဘဲရမ်းကျေးရွာရှိ အကျိုးဆောင်တောင်သူတစ်ဦး၏   စိုက်ကွက်၌ ဇူလိုင် ၉ ရက်က ပြုလုပ်သည်။
အဆိုပါ    ကွင်းသရုပ်ပြပွဲသို့   မုဒုံမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူ များတက်ရောက်ပြီး  မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ  ဗဟိုမျိုးသန့်ခြံ ဦးစီးမှူး ဦးဇော်လင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းပျိုးထောင် ထားရှိပုံနှင့်   ကောက်စိုက်စက်ဖြင့်    မျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ပုံ  အဆင့်ဆင့်ကို  ရှင်းလင်း ပြောကြားသည်။
ထို့နောက်    မုဒုံမြို့နယ်    စိုက်ပျိုးရေးဦးစီး ဌာနမှူး  ဦးငြိမ်းချမ်းကျော်က  သဘာဝခရု ပိုးသတ် ဆေး(မယ်ဇယ်)အကြောင်း၊     သဘာဝဆစ်ပိုး ကာကွယ်ဆေး    (တမာကြိတ်ဖတ်)  အကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အကြောင်းနှင့် အားသာချက်၊ အားနည်းချက်များကို   တောင်သူ များအား ရှင်းလင်းပြောကြားပြီး  တောင်သူများက လက်တွေ့လေ့လာကြည့်ရှု၍    သိရှိလိုသည်များကို  မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား သည်။
မုဒုံမြို့နယ်     စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများ၌  သီးနှံအထွက်နှုန်း  တိုးတက်ရေးအတွက်   လိုအပ်သော  စိုက်ပျိုးရေး နည်းစနစ်များ၊ သွင်းအားစုပစ္စည်းများ ထောက်ပံ့ ကူညီခြင်း၊ ပိုးမွှားရောဂါ   ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်   နည်းလမ်းများ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၏  ကြီးကြပ်မှုဖြင့်   ကွင်းတာဝန်ခံများက    နယ်မြေ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင်   ယခုနှစ်   မိုးစပါးစိုက်ရာသီ အတွင်း မျိုးကောင်းမျိုးသန့်    မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် ဧက ၂၀၀ စိုက်ပျိုးသွားရန် လျာထား ကာ   မြို့နယ်အတွင်းရှိ   ကွမ်တာ၊ တော်ကူး၊ တံခွန်တိုင်နှင့် ဘဲရမ်းကျေးရွာတို့မှ အကျိုးဆောင် တောင်သူများနှင့်   ပူးပေါင်းပြီး   စိုက်ပျိုးမည်ဖြစ် ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)