
မုဒုံ ဩဂုတ် ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မော်လမြိုင်-သံဖြူဇရပ်ကား လမ်း မိုင်တိုင်အမှတ် (၃၅/၁) နှင့် (၃၅/၂) အကြား နှီးပဒေါကျေးရွာ၌ ဩဂုတ် ၁၆ ရက် နံနက် ၉ နာရီခန့်မှစ၍ ကားလမ်းရေကျော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကားလမ်းရေကျော်သည့်နေရာ၌ ရေအမြင့် တစ်ပေခန့် ရေကျော် လျက်ရှိကြောင်း၊ မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဒုတိယ ဗိုလ်မှူးကြီး နေသူရိန်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ကူညီပေးလျက် ရှိကြောင်း၊ ရေဆက်လက်မြင့်တက်လာပါက အန္တရာယ်ကင်းရှင်း စေရန် ယာဉ်များဖြတ်သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် မော်တော်ယာဉ်များသည် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိသော်လည်း အချို့သော မော်တော်ယာဉ် ငယ်၊ ဆိုင်ကယ်များကိုမူ ဖြတ်သန်းသွားလာစေခြင်း မပြုဘဲ ရေအနည်းငယ် ပြန်လည်ကျဆင်းချိန်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်မှုကြောင့် မြို့နယ်အတွင်းရှိ ကမာဝက်မြို့တွင်လည်း မြေနိမ့်ပိုင်းရပ်ကွက်များ၌ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံမှုဖြစ်ပွားကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက် လျက်ရှိသည်။ ကမာဝက်ချောင်းအတွင်းသို့ တောင်ကျရေစီးဆင်းမှု များပြားသဖြင့် ချောင်းရေကျော်ကာ တံတားဦးရပ်ကွက်၊ သိမ်ကုန်း ရပ်ကွက်၊ စိန်တောင်ရပ်ကွက်တို့မှ လမ်းအချို့နှင့် လူနေအိမ်များ အတွင်းသို့ ရေများ နှစ်ပေခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ပြောင်းရွှေ့ ရန် လိုအပ်ပါက ပြောင်းရွှေ့နိုင်မည့် ဘေးလွတ်ရာနေရာကို မုဒုံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကြိုတင်စီစဉ် ထားရှိကြောင်း၊ လက်ရှိအချိန်တွင် ရေကြီးနေသည့်နေရာများ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လိုအပ်သည့် ကူညီမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သားငယ် (မုဒုံ)