မတ်ပဲနှင့် ပဲစင်းငုံများ ဈေးကွက်အမြင့်ပိုင်းအနေအထားသို့ ရောက်ရှိနေ

 

ရန်ကုန် စက်တင်ဘာ   ၃


ယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် မတ်ပဲနှင့် ပဲစင်းငုံများ ဈေးကွက်အမြင့်ပိုင်းအနေအထား သို့ ရောက်ရှိနေကြောင်း ရန်ကုန်မြို့ရှိ ကုန်သည် များနှင့် ဧရာဝတီတိုင်းဒေသကြီး  အတွင်းမှ ကိုယ်တိုင်  စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

 


“ဒီနှစ်လည်း မတ်ပဲ၊ ပဲစင်းငုံက ဈေးကွက် ပိုင်း အားတက်စရာလို့ ပြောရမယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း တွေ တက်နေတယ်။ အခုထိလည်း ဆက်တက် နေပါတယ်။ ဈေးနှုန်းအတက်အကျ အသေး အဖွဲလေးတွေ ရှိပေမယ့်လည်း ဈေးကွက်ပိုင်း က ခိုင်မာမှုရှိနေပြီး လုံးဝဈေးမကျသွားဘူး။ မတ်ပဲ FAQ ဈေးနှုန်း တစ်တန်ကို ၁၈ သိန်း အောက် ခဏကျသွားပေမယ့် နောက်ရက်မှာ ကျပ်  ၁၈  သိန်းအထက်   ပြန်ရောက်လာ တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်မှ ပဲစိုက်တောင်သူ ဦးထွန်းထွန်းက ပြောသည်။

 


အိန္ဒိယဈေးကွက်အပေါ်မူတည်


မြန်မာနိုင်ငံတွင်း ပဲဈေးကွက်အတက် အကျမှာ   အိန္ဒိယနိုင်ငံရှိ    ပဲအထွက်နှုန်းနှင့် ပြည်ပငွေလဲလှယ်မှုနှုန်းထားများနှင့် များစွာ သက်ဆိုင်နေကြောင်းလည်း    ဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။ ယခုနှစ် မိုးရာသီအတွင်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံထွက်ရှိ မှု အထွက်နှုန်းများမှာ ယခင်နှစ်များအောက် ကျဆင်းမှုရှိနိုင်ကြောင်း   ပညာရှင်များက ခန့်မှန်းသုံးသပ်ထားသည်။

 


“ပဲစင်းငုံအနီ RC ဈေးကတော့ ၁၉ သိန်း အောက်အထိ   ထိုးကျသွားတာမျိုး    လုံးဝ မရှိသေးဘဲ ဈေးကွက်ပိုင်းက ခပ်ငြိမ်ငြိမ်လေး သွားနေတယ်။ ပဲဈေးတွေဆိုတာက ပြည်ပတင်ပို့မှုနဲ့သက်ဆိုင်တဲ့ကိစ္စဆိုတော့ ဒေါ်လာ ပေါက်ဈေးပေါ်မှာလည်း အများကြီးမူတည် နေတယ်လို့ သုံးသပ်မိပါတယ်။ ငွေဈေးတက် ရင်တက်သလို၊ ကျရင်ကျသလို ပဲဈေးကွက် အပေါ်လည်း ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်"ဟု ဘုရင့်နောင်ပွဲရုံမှ ပဲကုန်သည် ကိုတင်မြင့်က ပြောသည်။


နန်းထက်ထက်ချစ်