
မတည်မြဲသောအလှတရား
v သည်နေ့မနက်၊ အရုဏ်တက်မှာ
သီကာသွယ်တန်း၊ စံပယ်ပန်းကုံး
လှယဉ်ဆုံးကို၊ ယူသုံးလိုကြ
အလှလည်းဆင်၊ ဘုရားတင်လို့
လန်းရွှင်စိတ်မှာ၊ ကြည်နူးပါ၏။
v နေ့လယ်ရောက်တော့၊ သွေ့ခြောက်စပြု
ဖြူနုရောင်သွေး၊ ညိုရောင်ပြေးလို့
လှရေးမကြွယ်၊ ရင်ဝယ်မငြိ
ကြည်နူးသည့်စိတ်၊ ခုဖြင့်ဆိတ်ပြီ။
v နေညိုချိန်ပြောင်း၊ အခါနှောင်းတော့
ခေါင်းထက်ဆီက၊ စံပယ်လွလည်း
အလှကွယ်ဘိ၊ သွေ့ခြောက်ရိပြီ
သူ၏အသွင်၊ ညှိုးသည့်အင်ကြောင့်
ဂုဏ်တင်မဝင့်၊ ကျဆုံးလင့်သော်
မှန်းချင့်သိရာ၊ အနိစ္စာနှင့်
သင်္ခါရ-ဟု၊ ဖြစ်ပျက်စုလျှင်
ရှုမြင်စေသော၊ သူ့သဘောကို
စောကြောတတ်စေ၊ ယူတတ်စေတည့်
ညှိုးခွေခြောက်နွမ်း စံပယ်ပန်း...။
တရားဟူသည် လက်တစ်ကမ်း...။
ဘိုမျိုး(ရွှေဘို)