မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများ တည်မြဲထာဝစဉ်

Type

 

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဂုဏ်ပြုဆောင်းပါး

 

သစ်တောမောင်
 

သစ်တောသယံဇာတများ
မြန်မာနိုင်ငံသည်  သစ်တောသယံဇာတများ အလွန်ကြွယ်ဝသောနိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း သစ်တော များဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး မတူကွဲပြားသော ဂေဟ စနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစား စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။  မြန်မာနိုင်ငံ မြောက် ဖျားမှသည် တောင်ဖျားအထိ အအေးပိုင်း သစ်တော များ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တော များ၊ အမြဲစိမ်းတောများနှင့် ဒီရေတောများ စုံလင် စွာ ပေါက်ရောက်လျက်ရှိသည်။ 
အဆိုပါ သစ်တောများကို  အမှီပြု ပေါက်ဖွား၊ ရှင်သန်ကြရသော တောရိုင်းတိရစ္ဆာန်များ၊ အပင် ဇီဝမျိုးစုံမျိုးကွဲများလည်း အလွန်များပြားလှသည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ထားနိုင်သော အပင် မျိုးစိတ် ၁၁၈၂၄ ၊ နို့တိုက်သတ္တဝါ မျိုးစိတ် ၂၅၈ ၊ ငှက်မျိုးစိတ် ၁၀၉၈ ၊ တွားသွား သတ္တဝါမျိုးစိတ် ၂၉၁၊ ကုန်းနေရေနေမျိုးစိတ် ၁၁၉၊ လိပ်ပြာမျိုးစိတ် ၁၂၀၀၊ ရေချိုငါး မျိုးစိတ် ၅၂၀၊ ရေငန်ငါးမျိုးစိတ် ၅၇၈၊ သန္တာမျိုးစိတ် ၁၃၂၊  ပင်လယ်မြက်မျိုးစိတ်  ၁၁၊ ပင်လယ်ရေမှော် ၃၈၊ ဝါးမျိုးစိတ် ၁၀၂ မျိုးနှင့် ဆေးဖက်ဝင်ပင်မျိုးစိတ် ၁၅၄၀ တို့  ရှင်သန်လျက် ရှိသည်။
သစ်တောအမျိုးအစားနှင့် ဂေဟစနစ်အလိုက် ပျံ့နှံ့ပေါက်ရောက်သော   ကျွန်း၊  ပျဉ်းကတိုး၊  ပိတောက်၊ တမလန်း အပါဝင် အဖိုးတန် သစ်များ၊ အပင်မျိုးစုံမျိုးကွဲများ၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ပျား ရည်၊  ဆေးဖက်ဝင်အပင်များ၊  စားသုံးနိုင်သော သစ်ဥ၊ သစ်မြစ်၊ အသီးအရွက်များ၊ စားနပ်ရိက္ခာ များ အပါဝင်  သစ်မဟုတ်သော  သစ်တောထွက် ပစ္စည်းများသည် သဘာဝသစ်တောများမှသာ ရရှိ နိုင်သည်။ ဒီရေတောများသည်  ရေသတ္တဝါများ ပေါက်ဖွားရှင်သန်ရာ နေရင်းဒေသဖြစ်ပြီး ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေသတ္တဝါများသည် ကမ်းရိုးတန်း သစ်တောသယံဇာတဖြစ်သော ဒီရေတောများကို အမှီပြုပြီး ပေါက်ဖွားရှင်သန်ကြရသည်။
သစ်တောများမှ  သစ်နှင့်  သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထောက်ပံ့ပေးသကဲ့ သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင် ဆိုင်ရာဝန်ဆောင်မှုများစွာကိုလည်း ပံ့ပိုး ပေးလျက် ရှိပြီး သက်ရှိလောကအတွက် အဖိုးတန်လှသည်။ 
v    ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင် ခြင်း ၊ ရေ၊ လေသန့်စင်ခြင်း၊ မြေတိုက်စားမှု မြေပြိုမှုများမှ ကာကွယ်ခြင်း၊ လေမုန်တိုင်း နှင့်  ရေကြီးခြင်း၊   မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ် ပေးခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့်  ပိုးမွှားကျ ရောက်မှုများမှ   ကာကွယ်ခြင်းစသည့် ပတ်ဝန်းကျင် ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှု များ၊
v    အပန်းဖြေခြင်း၊ မျက်စိပသာဒ ကောင်းမွန် စေခြင်း၊   ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာစေခြင်း၊  ယုံကြည်မှုကိုးကွယ်မှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုစသည့် စိတ်ပိုင်း ဆိုင်ရာလိုအပ်မှုများ   ဖြည့်ဆည်းခြင်း စသည့်ဆိုင်ရာ ဝန်ဆောင်မှုများ၊ 
v    မြေဆီလွှာနှင့်  မြေဆီအာဟာရဓာတ် ကြွယ်ဝလာစေခြင်း၊ ရေ၊ မြေ၊ လေနှင့်  ဇီဝ မျိုးစုံမျိုးကွဲများ၊ သက်ရှိများ  လိုက်လျော ညီထွေရှိစေရန် အပြန်အလှန်ချိတ်ဆက် ပေါင်းစပ်ထောက်ပံ့ပေးသည့် ဝန်ဆောင်မှု များကို  သစ်တောသစ်ပင်များက   ပံ့ပိုး ထောက်ပံ့လျက်ရှိသည်။ 
သစ်တောများသည်  ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံ မျိုးကွဲ ၈၀ ရာခိုင်နှုန်း၏   ခိုလှုံရာဖြစ်ပြီး သစ်ပင် မျိုးစိတ်ပေါင်း ခြောက်သောင်းကျော် ပါဝင်လျက် ရှိသည်။ ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု၏ တစ်ဝက် ကျော်သည်   သစ်တောဂေဟစနစ်  ဝန်ဆောင်မှု အပါအဝင် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် မှီခို လျက်ရှိသည်။ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့် သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများ နှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက် မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ် အကိုင် ဖန်တီးပေးလျက်ရှိကြောင်း  သိရှိရသည်။ အဆိုပါ ဘက်စုံအကျိုးကျေးဇူးများကြောင့် သစ်တော များသည် ကျေးလက်ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်းနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်းကောင်း၊ သက်ရှိလောက အတွက်လည်းကောင်း  အလွန်အရေးပါလှသည်။
သစ်တောများ ပြုန်းတီးခြင်း
ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ နှင့်တစ်ဝန်း လူဦးရေတိုးတက်လာသည်နှင့် အမျှ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း လိုအပ်ချက်များ များပြားလာခြင်း၊ သစ်တောအပေါ် မှီခိုမှုများတိုးပွားလာခြင်း၊  သစ်တောမြေမှ စိုက်ပျိုး မြေအပါအဝင် အခြားမြေအသုံးချမှုများသို့ ပြောင်းလဲ သွားခြင်း၊ သစ်တောများအတွင်း  မြေလွှာဖွင့်၍ သတ္တုတူးခြင်းနှင့် အကြီးစားသတ္တုတူးဖော်ခြင်း၊ ဆည်/တာတမံများ ဆောက်လုပ်ခြင်းနှင့် အကြီးစား လမ်းနှင့်အခြေခံအဆောက်အအုံ   စီမံကိန်းများ ဆောင်ရွက်ခြင်း၊ မြို့ပြကျေးရွာများ တိုးချဲ့လာခြင်း စသည်တို့ကြောင့် သစ်တောများ  ဆုံးရှုံးပျက်စီး ပြုန်းတီးလျက်ရှိသည်။ 
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာ (FAO FRA, 2020) အရ မြန်မာနိုင်ငံ၏ နှစ်ကာလအလိုက် သစ်တောဖုံးလွှမ်း မှုမှာ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊  ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ  ၉၂ ရာခိုင်နှုန်း၊  ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအသီးသီးရှိကြောင်း တွေ့ရှိရသည်။ ၂၀၁၀- ၂၀၂၀ ပြည့်နှစ်အတွင်း  နှစ်စဉ်ပျမ်းမျှ  သစ်တော ပြုန်းတီးမှုသည် နိုင်ငံဧရိယာ၏ ၀ ဒသမ ၉၆ ရာခိုင် နှုန်းရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှ (၇၁၄၁၃၄ ဧက) ပြုန်းတီးခဲ့ ကြောင်း တွေ့ရှိရသည်။
သစ်ပင်သစ်တောများ  ပြုန်းတီးခြင်း၊  ပျက်စီး ဆုံးရှုံးခြင်းသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရရှိနိုင်မှု  ဆုံးရှုံးသွားသည်သာမက  ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိများအတွက် မရှိမဖြစ် လိုအပ်သော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ ပါ ဆုံးရှုံးသွားခြင်းဖြစ်သည်။ 
ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ ရေကြီး ခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊  သဘာဝဘေး အန္တရာယ်များ မကြာခဏကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သဲကန္တာရဖြစ်ထွန်းနိုင်ခြင်းတို့အပါအဝင် သစ်တော များ ပျက်စီးခြင်း၊ ပြုန်းတီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကား အလွန်များပြားလှသည်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူ ရေး၊   ခရီးသွားလုပ်ငန်း၊   သယ်ယူပို့ဆောင်ရေး စသည့် ဆက်စပ်လုပ်ငန်း နယ်ပယ်များအပေါ်တွင် ပါ ဆိုးကျိုးသက်ရောက်ပြီး နိုင်ငံတော်၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါသည်။
စဉ်ဆက်မပြတ် ထုတ်ယူထုတ်လုပ်ခြင်းနှင့် 
သုံးစွဲခြင်း
သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်း မရှိလျှင် သစ်တော သယံဇာတ များ အချိန်တိုအတွင်း ပျက်စီးပျောက်ကွယ်သွား မည်ဖြစ်သည်။ ပျက်စီးပြုန်းတီးသွားသော သဘာဝ သစ်တောများကို   ပြန်လည်ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝတောများ၏ မူလဂေဟစနစ်နှင့်  ဇီဝမျိုး စုံမျိုးကွဲကြွယ်ဝမှု အခြေအနေသို့ ပြန်လည်ရောက်ရှိ ရန် နှစ်ပေါင်းရာချီ ကြာမြင့်မည်ဖြစ်သည်။
ကုလသမဂ္ဂသစ်တောဖိုရမ်က  ၂၀၂၂  ခုနှစ် အပြည်ပြည်ဆိုင်ရာ  သစ်တောများနေ့အတွက် ဦးတည်ချက်ဖြစ်သည့် “မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” သည်  ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၁၂ (SDG 12) ဖြစ်သည့် “ရေရှည်တည်တံ့စေသော စာသုံးမှုနှင့် ထုတ်လှုပ်မှုပုံစံများ ရရှိစေရန်” ဟူသော ပန်းတိုင်ကို အထူးပြုရည်ရွယ်ခြင်းဖြစ်သည်။


ထို့အပြင်   စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၁၅) (SDG 15) ဖြစ်သည့် “ကုန်းမြေဂေဟ စနစ်များအား  ကာကွယ်ရန်၊    ပြန်လည်မွမ်းမံ ထိန်းသိမ်းရန်နှင့် ရှေရှည်တည်တံ့စေမည့်နည်းလမ်း များဖြင့်   အသုံးပြုရန်၊ သစ်တောများအား ရေရှည် တည်တံ့စေမည့် နည်းလမ်းများဖြင့်  စီမံအုပ်ချုပ်ရန်၊   သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရန်၊  မြေဆီလွှာ ပြုန်းတီးမှုရပ်ဆိုင်း၍ မြေအရည်အသွေးပြန်လည် ကောင်းမွန်စေရန်၊  ဇီဝမျိုးစုံ   မျိုးကွဲများဆုံးရှုံးမှု ရပ်တန့်ရန်” ဟူသည့် ပန်းတိုင်ကိုလည်း အောင်မြင် စေရေးပံ့ပိုးနိုင်ရန် ဖြစ်သည်။
သစ်တောများကို  ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် သစ်တောသယံဇာတ စနစ်တကျ အသုံးပြုခြင်းသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လက်ရှိနှင့် အနာဂတ်မျိုးဆက် များ၏ ကောင်းကျိုးချမ်းသာများ တိုးပွားစေရေး အတွက် အဓိကသော့ချက် တစ်ခုလည်း ဖြစ်သည်။ သစ်တောသယံဇာတများကို ထိန်းသိမ်းခြင်း၊ ထုတ် ယူသုံးစွဲခြင်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေ သော နည်းလမ်းများကို ကျင့်သုံးရန် အထူးအရေး ကြီးသည်။ သစ်တောသယံဇာတများနှင့် စွမ်းအင် ကို အကျိုးရှိရှိအသုံးချနိုင်ခြင်း၊ ရေရှည်တည်တံ့သော အခြေခံအဆောက်အအုံများ၊ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုမဖြစ်စေသော   အလုပ်အကိုင်များနှင့် ပိုကောင်းမွန်သော ဘဝနေထိုင်မှု ပုံစံများ ဖြစ်ပေါ် လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ 
သိပ္ပံပညာနှင့် ဆန်းသစ်တီထွင်မှုများ တိုးတက် လာတာနှင့်အမျှ  အစားအစာ၊ ဆောက်လုပ်ရေး ပစ္စည်း၊  အလှကုန်များ၊   ဇီဝဓာတုပစ္စည်းများ၊ ဇီဝပလတ်စတစ်နှင့် ဆေးဝါးများအပါအဝင် စိတ်ဝင် စားဖွယ်ထုတ်ကုန်အသစ်များကို သစ်သားနှင့် သစ်ပင် များမှ ထုတ်လုပ်လာနိုင်ကြပြီဖြစ်သည်။
ရေရှည်တည်တံ့မှုနည်းသော ပစ္စည်းများနေရာ တွင် ပြန်လည်ပြည့်ဖြိုးနိုင်သော၊ စနစ်တကျ ပြန်လည် စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်သော သစ်နှင့် သစ်ပင် အခြေခံထုတ်ကုန်များကို  အစားထိုးအသုံးပြုလာ ခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကို  လျှော့ချပြီး ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှု ကို  လျှော့ချလာနိုင်မည်ဖြစ်သည်။   သဘာဝကို အခြေခံသော  ဖြေရှင်းမှုနည်းလမ်းများ  (Nature based Solutions) ဖြင့် သစ်တောထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ သို့မှသာ ရေရှည်တွင် လူသားများ အတွက်သာမက ကမ္ဘာ မြေကြီးအတွက်ပါ အကျိုးရှိ သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံကို တည်ဆောက် နိုင်မည် ဖြစ်သည်။
သစ်တောများ ထာဝစဉ်တည်တံ့ရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန   သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှုလျှော့ချရေး၊ သစ်တောထိန်း သိမ်းရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေး အတွက် သစ်တောကဏ္ဍ ပြုပြင်ပြောင်းလဲမှုများစွာ ကို ဆောင်ရွက်လျက်ရှိသည်။ သစ်တောကဏ္ဍတွင် “ရေရှည်တည်တံ့စေသော စားသုံးမှုနှင့် ထုတ်လှုပ်မှု ပုံစံများရရှိစေရန်” ဆိုသည့် ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရေးအတွက်  စီမံကိန်းများ  ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 
v    ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တို့တွင်   သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ပြီး သစ်တောကဏ္ဍဖွံ့ဖြိုး ရေးအတွက် ပြန်လည်ဆန်းစစ်ခြင်း၊ 
v    ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ ပဲခူး ရိုးမဒေသတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ  အရှိန် အဟုန်ဖြင့်  စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း၊
v    ထာဝစဉ်တည်တံ့စေသော    သစ်တောစီမံ အုပ်ချုပ်မှုစနစ်ဖြစ်သည့်   မြန်မာ့ရွေးချယ် စနစ် (Myanmar  Selection   System) ကို  ကျင့်သုံးပြီး  ကျွန်းနှင့် သစ်မာများ   ထုတ် လုပ်ရာတွင်   နှစ်စဉ်တောထွက်  (Annual   Allowable   Cut-AAC)   ပမာဏထက် လျှော့ချထုတ်ယူခြင်း၊
v    မြန်မာနိုင်ငံ သစ်တောများ   ပြန်လည် တည်ထောင်ရေး ၁၀ နှစ်    စီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၇−၂၀၂၈ ခုနှစ်အထိ)ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး တွင် အကောင်အထည်ဖော်ခြင်း၊
v    တောရိုင်းတိရစ္ဆာန်များ၏နေရင်း ဒေသ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ် စီမံကိန်း (၂၀၁၉−၂၀၂၀ မှ ၂၀၂၈ မှ ၂၀၂၉ ခုနှစ်အထိ) သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုတွင် အကောင်အထည်ဖော်ခြင်း၊
v    အမြဲတမ်းသစ်တောနယ်မြေများကို နိုင်ငံ ဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေ များကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စနစ်တကျ အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိခြင်း၊
v    နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မ စီမံကိန်းလျာထားချက်နှင့်အညီ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာဧက ၂ ဒသမ ၂၇ သန်းကို စနစ်တကျ  တည် ထောင်ဆောင်ရွက်လျက်ရှိခြင်း၊
v    သစ်တောပြုန်းတီးခြင်းနှင့်   သစ်တော အတန်းအစားကျဆင်းခြင်းမှ   ကာဗွန် ထုတ်လွှတ်မှု     လျှော့ချခြင်းလုပ်ငန်း (REDD+)ကို နိုင်ငံအဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်   ရှိခြင်းတို့ကို ဆောင်ရွက်ခြင်း၊
v    သစ်သားများကို  အပြည့်အဝ   ထိရောက် စွာအသုံးချနိုင်ရေးအတွက် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ကူညီခြင်းနှင့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ 
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့နှင့် 
သစ်တောများအခန်းကဏ္ဍ
ကမ္ဘာ့ကုလသမဂ္ဂ   အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တောထိန်းသိမ်း ခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေ ရန်၊ သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍ ကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်း ရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတတ် စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ (၂၁) ရက်နေ့ကို “အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့”  (International   Day  of Forests) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဆောင်ပုဒ် မှာ “မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်”  (Forests and Sustainable Production and Consumption) ဖြစ်ပြီး မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်း အမှတ် အခမ်းအနားများကို အနှစ်သာရပြည့်ဝစွာ ကျင်းပလျက်ရှိကြသည်။ 
ကမ္ဘာနှင့်အဝန်းတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု အလေးထား လာကြသည်ဖြစ်ရာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ  နယူးယောက်မြို့၌ ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သည့်  ရာသီ ဥတုပြောင်းလဲမှု ထိပ်သီးဆွေးနွေးပွဲ (၂၀၁၄)တွင် သစ်တောများဆိုင်ရာ နယူးယောက်ကြေညာစာတမ်း ထုတ်ပြန်ကြေညာ၍   သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါကြေညာချက်တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် လျှော့ချနိုင်ရန် အတွက် ၂၀၂၀ ခုနှစ်တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့်   ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု  လုံးဝမရှိစေရေး   ရည်မှန်းပြီး ဆောင်ရွက်သွားရန်၊ ၂၀၂၀ ပြည့်နှစ်တွင်  တောနိမ့် တောပျက်ဧရိယာ ဟက်တာသန်း ၁၅၀ ကို သစ်တော စိုက်ခင်းအဖြစ် တည်ထောင်ရန်နှင့် ၂၀၃၀ ပြည့်နှစ် တွင် တောနိမ့်တောပျက်ဟက်တာသန်း ၂၀၀ ကို ပြန်လည်တည်ထောင်ထိန်းသိမ်းရန်     ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဖော်ပြထားပြီး အဆိုပါရည်မှန်းချက်များပြည့်မီရေးအတွက် “Net Zero Deforestation” “Forest Landscape Res-toration” အစီအစဉ်များဖြင့် တစ်ကမ္ဘာလုံးအတိုင်း အတာ လှုပ်ရှားမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ မှ ၂၀၃၀ ပြည့်နှစ်အထိကိုလည်း ကုလသမဂ္ဂ ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေး ၁၀ စု နှစ် (United Nations Decade on Ecosystem Restoration) ဟု သတ်မှတ်ထားပြီး ဂေဟစနစ် များ ပြန်လည်တည်ထောင်ရေးကို ဆောင်ရွက်လျက် ရှိသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာ လ ၁၂ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပ ခဲ့သည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်များ၏ (၂၁) ကြိမ်မြောက် ညီလာခံ (COP 21) ကလည်း ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအတွက် သစ်တောများ၏ အခန်း ကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး  ထုတ်ပြန်ခဲ့သည့် ညီလာခံဆုံးဖြတ်ချက်များနှင့် ပဲရစ်သဘောတူညီ ချက်တွင် သစ်တောကဏ္ဍကို ထည့်သွင်းရေးဆွဲခဲ့ သည်ကို တွေ့ရှိရမည် ဖြစ်သည်။
မျှတဆင်ခြင်ထုတ်သုံးလျှင်၊ သစ်တောများ
တည်မြဲ ထာဝစဉ်
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့၏ အနှစ် သာရ၊ ရည်မှန်းချက်ဖြစ်သည့်   “မျှတဆင်ခြင် ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” ဆိုသည်နှင့်အညီ သစ်တောများ ထာဝစဉ်တည်တံ့ စေရေးနှင့် စဉ်ဆက်မပြတ် စနစ်တကျ ထုတ်ယူသုံးစွဲ နိုင်ရေး အလွန်အရေးကြီးသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတော်၏လူမှုစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မူလရည်ရွယ်ချက် အတိုင်း သစ်တောများ ပြုန်းတီးပျက်စီးနေသော မြေနေရာများတွင် ဆီအုန်းနှင့် ရော်ဘာကဲ့သို့ စက်မှု ကုန်ကြမ်းစိုက်ခင်းများ တည်ထောင်ခြင်း၊  အခြား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဆိုဖွယ် မရှိသော်လည်း   ပတ်၀န်းကျင်တည်ငြိမ်ရေးနှင့် ဂေဟစနစ်ကို    အထောက်အပံ့ပြုပေးနေသည့် သဘာ၀သစ်တောများကို   ခုတ်ထွင်ရှင်းလင်း၍ အခြားမြေအသုံးချမှု ပြောင်းလဲခြင်းသည် အလွန် အန္တရာယ်များပါသည်။ ပတ်၀န်းကျင်တည်ငြိမ်မှုနှင့် ဂေဟစနစ်ကို ပျက်စီးစေ၍ သဘာ၀ဘေးအန္တရာယ် များ ကျရောက်စေပါသည်။ သစ်တောများပြုန်းတီး ၍ ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေ ပါသည်။ အပင်များအပါအဝင် သက်ရှိသတ္တဝါများ သည်  ဂေဟစနစ်တစ်ခုတွင်  အချင်းချင်းမှီတည် နေကြရသည်။  သစ်မျိုးတစ်မျိုး၊  သက်ရှိမျိုးစိတ် တစ်ခု ပျောက်ကွယ်သွားပါက ဆက်စပ်မျိုးစိတ်များ ပါ ပျောက်ကွယ်ကြရသည်။ 
ရေရှည်အကျိုးကျေးဇူးများကို   မျှော်မှန်း၍ ချင့်ချင့်ချိန်ချိန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ သစ်တောများပြုန်းတီး ပျက်စီးမှုဆိုင်ရာ    ခါးသီးသော အတွေ့အကြုံကို သင်ခန်းစာယူပြီး ဖွံ့ဖြိုးရေးနှင့်  ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းတို့ကို   သဟဇာတမျှတအောင် ဘက်စုံပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်  လိုအပ်ပါ သည်။ သဘာ၀သယံဇာတများကိုသာ  အသုံးပြု၍ မိရိုးဖလာလုပ်ရိုးလုပ်စဉ်များဖြင့်   အလျားလိုက် ဖွံ့ဖြိုးတိုးတက်စေခြင်း (Horizontal Develop-ment)ထက် နည်းပညာများနှင့် သယံဇာတကို မျှတ အောင်အသုံးပြု၍ ဒေါင်လိုက်ဖွံ့ဖြိုးတိုးတက်စေရန် (Vertical Development) ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတွင်  အရေးကြီးသည့်အခန်း ကဏ္ဍမှ ပါဝင်နေသော သစ်တောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၏  အကျိုးကျေးဇူးများကို  ကောင်းစွာ နားလည်သဘောပေါက်၍ စနစ်တကျ ထိန်းသိမ်း ကာကွယ်ပြီး အမြော်အမြင်ကြီးစွာဖြင့် စနစ်တကျ ထုတ်ယူသုံးစွဲသွားကြရမည်ဖြစ်သည်။  သို့မှသာ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် သစ်တော များက ထောက်ပံ့ပေးစွမ်းသော ဂေဟစနစ်ဝန်ဆောင် မှု အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် အသုံးပြု နိုင်မည်ဖြစ်ပြီး  နိုင်ငံတော်စဉ်ဆက်မပြတ်  ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည်  ဖြစ်ပါ ကြောင်း “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့”ကို ဂုဏ်ပြုရေးသား တင်ပြလိုက်ပါသည်။      ။