
ငြိမ်းချမ်းမေ
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ရာသီဥတုသုံးပါး၌ ချစ်စရာကောင်းသော ဆယ့်နှစ်လရာသီပွဲများ ရှိပေသည်။ မြန်မာလများဖြစ်သည့် တန်ခူးလမှ တပေါင်းလအထိ လအလိုက်ပွဲတော်များရှိကြသည်။ ထိုလများထဲတွင် ဝါဆိုလသည် ထူးမြတ်၍ ကြည်နူးစရာကောင်းသော လတစ်လဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တို့တွင် အခြားနေ့များထက်ပို၍ ကောင်းမှုပြုရန် စိတ်အားထက်သန်ကြသည်။ မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။
ဘာသာရေး မှတ်တိုင်ကြီးများကို
စိုက်ထူခဲ့သောနေ့
ဝါဆိုလပြည့်သည် ဗုဒ္ဓဖြစ်တော်စဉ်အများဆုံးနှင့် ဆက်နွှယ်နေ၍ လမြတ်ဝါဆိုဟူ၍လည်းကောင်း၊ ဓမ္မစကြာတရား ဟောကြားတော်မူသဖြင့် ဓမ္မစကြာ အခါတော်နေ့ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသည့်အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက် တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြား တော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့်ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်းဖြစ်သည်။ တရား ရတနာ စတင်ပေါ်ပေါက်ရာနေ့လည်းဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့လည်းဖြစ်သည်။ ဧဟိဘိက္ခူ ဟူသောစကားကို စတင်ကြားသိသောနေ့လည်း ဖြစ်သည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်ဖြစ်ပေသည်။ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက်တုသိတာ နတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီး လေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူ သောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိ တစ်သင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာပြသောနေ့ ဖြစ်သောကြောင့်တည်း။ ဂေါတမမြတ်စွာဘုရား သည် ဘုရားအဖြစ်သို့ရောက်တော်မူပြီး နောက် လည်း ရှေးဦးဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန် တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ဝါဆိုဝါကပ်သော အခါထူးအခါမြတ်
ထိုမျှသာမက သံဃာတော်များသည် ဝါဆို လပြည့်ကျော် ၁ ရက်မှစ၍ ဝါတွင်းသုံးလ ကာလ ပတ်လုံး ဝါဆိုဝါကပ်သော အခါထူးအခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ရှေးမြန်မာ တို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစ်ဖက်ကလည်း ဝါဆို လပြည့်နေ့တွင် ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများ ထက်ပို၍ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းများလည်း ပြုကြသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ကျောင်းအရပ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်းမပြုပါဟူသော ပဋိညာဉ် ဖြင့် ဝါဆိုဝါကပ်မှုများကို ပြုကြသည်။ ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်ကာ တရားအားထုတ်လျက်ရှိစဉ် လူတို့ သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလ ဆောက်တည်၍ သူတော်ကောင်းတရားပွားများ အားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြ ခြင်းဖြင့် ဝါကပ်သောရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလ ပတ်လုံး ဒါန၊ သီလ၊ ဘာဝနာအစရှိသော သူတော် ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့တွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်းသံဃာ တို့အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်ကြသည်။
အထူးခြားဆုံးလ၊ အထူးခြားဆုံးနေ့
မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက် ဝါဆို တော်မူစဉ် အဘိဓမ္မာတရားဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီး အစုံဖြင့် တန်ခိုးပြာဋိဟာတို့ကို ဝါဆိုလပြည့်နေ့တွင် ပြတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဝါဆိုလပြည့်နေ့သို့ရောက်တိုင်း နေ့ထူး အခါတော်ကို နှလုံးသွင်း၍ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုကာ ကြည်ညိုပူဇော်ခြင်းဖြင့် ကောင်းခြင်း မင်္ဂလာ ဝေဖြာစေမည်ဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့ သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်စဉ်တော်များနှင့် ဆက်နွှယ်ပြီး ထေရဝါဒဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလ၊ အထူးခြားဆုံးနေ့ဖြစ်၍ ကောင်းမှု ကုသိုလ်များကို အလေးအနက်ထား ပွားများရမည့် အချိန်အခါဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းမှုအထူးပြုလုပ်ရန်သာမက ရဟန်းသံဃာ တော်များအဖို့ ကျင့်ဝတ်သိက္ခာပုဒ်တို့ကို အထူး စောင့်ထိန်းရမည့် ဝါတွင်းသုံးလကာလ၏ အစဖြစ်၍ အထူးအရေးပါသည့်နေ့လည်းဖြစ်သည်။ လူပုဂ္ဂိုလ် များအဖို့ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလ စောင့်ထိန်းကြပြီး ရှောင်ရန်/ ကျင့်ရန်တို့ကို အထူး ပြုလုပ်ကြသည်။
ဝါတွင်းကာလ၌ ကောင်းမှုကုသိုလ် များကို အထူးပြုကြသည်ဆိုသော်လည်း ကောင်းမှု ကုသိုလ်ဟူသည် အချိန်အခါမရွေး မင်္ဂလာနေ့ထူး ဖြစ်၍ ဘာသာတရားကို အထူးအလေးထားပြီး ကောင်းသောအမှုကို ပြုလုပ်ခြင်းဖြင့် ကောင်းသော အကျိုးကို ခံစားရနိုင်မည်ဖြစ်သည်။ ဘဝအကြောင်း ဖန် သံသရာဝဋ်ကြွေးမှလွဲ၍ ရောဂါကင်းဝေးနိုင် အောင် ကျန်းမာရေးလည်း အထူးအလေးထား၊ ဝါတွင်းကာလအတွင်း၌ ကောင်းမှုကုသိုလ်များကို လည်း အထူးပွားများ အားထုတ်သင့်ပါသည်။
သို့ဖြစ်ရာ ဤဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့သည် ဗုဒ္ဓဖြစ်စဉ်တော်မှ ထူးခြားသောအခါ သမယများစွာတို့နှင့် ကြုံကြိုက်နေသည်ဖြစ်၍ မြတ်စွာဘုရားရှင်အားရည်မှန်းပြီး ကောင်းမှုအထူး ပွားများအားထုတ်ခြင်းဖြင့် ပစ္စုပ္ပန်/ သံသရာ ကောင်းကျိုးနှစ်ဖြာရရှိနိုင်မည်ဟု ဗုဒ္ဓဘာသာဝင် များက ယုံကြည်ထားကြသည်။
ဝါဆိုသင်္ကန်း
ဝါဆိုလတွင် ရဟန်းသံဃာတော်များအားဝါဆိုသင်္ကန်းလည်း ဆက်ကပ်လှူဒါန်းကြပါသည်။ ရဟန်းသာမဏေများသည် ဆွမ်းခံထွက်ကြွသည့် အခါတွင် ထီးမဆောင်းရ၊ ဖိနပ်မစီးရပါ။ ယခုလို မိုးရာသီတွင် သင်္ကန်းများ စိုရွှဲကုန်သည့်အတွက် ထည်လဲဝတ်စရာ မလောက်ငသောကြောင့် ထိုအခက်အခဲများကို ဖြည့်ဆည်းသည့်အနေဖြင့် သံဃာတော်များကို သင်္ကန်းကပ်လှူကြခြင်း ဖြစ်သည်။ ဝါဆိုတော်မူကြမည့် အခါကာလဖြစ်၍ ဝါဆိုသင်္ကန်းဟုခေါ်ကြသည်။ ထို့ကြောင့် ဝါဆို သင်္ကန်းကပ်ရခြင်းသည်လည်း လွန်စွာကုသိုလ် ထူးပေသည်။
ဝါဆိုလပြည့်နေ့မှ အစပြုသည့် ဝါတွင်းသုံးလ တွင် ကျန်းမာချမ်းသာစွာဖြင့့် ဥပုသ်သီတင်းသီလများ ဆောက်တည်နိုင်ကြပြီး မြတ်အလှူဒါနများလည်း ပြုလုပ်နိုင်ကြပါစေ။ ကောင်းသောအမှုကို ပြုလုပ် ခြင်းသည် ကောင်းသောအကျိုးကို ခံစားရနိုင်မည် ဖြစ်သည်။ ဝါတွင်းကာလအတွင်း၌လည်း ကောင်းမှု ကုသိုလ်များကို အထူးပွားများ အားထုတ်သင့်ပါ သည်။ ဤဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဖြစ်စဉ်တော်မှ ထူးခြားသော အခါသမယများစွာ တို့နှင့် ကြုံကြိုက်နေသည်ဖြစ်ရာ မြတ်စွာဘုရားရှင် အား ရည်မှန်းပြီး ကောင်းမှုအထူးပွားများအားထုတ် ခြင်းဖြင့် ပစ္စုပ္ပန်/ သံသရာ ကောင်းကျိုးနှစ်ဖြာရရှိနိုင် မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါ သည်။ ။
- Log in to post comments