MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်

 

ဒေသများအလိုက် MSME ကို အခြေခံသည့်စက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်၊ ထိုသို့ ဆောင်ရွက်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါများလာပြီး မြို့ပြများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများလျော့ပါးသွားမည်

 

နေပြည်တော်    စက်တင်ဘာ    ၂၃


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အသေးစား၊  အငယ်စားနှင့်  အလတ်စား  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။   

 


အစည်းအဝေးသို့   အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေး  ဗဟိုကော်မတီ    ဒုတိယဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီ ဝင်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊  ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နာယကတို့ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ် ဝန်ကြီးချုပ်များက Video  Conferencing  ဖြင့် တက်ရောက်ကြသည်။

 


၉၀ ရာခိုင်နှုန်းကျော်ခန့်ပါဝင်


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   အဖွင့်အမှာစကားပြောကြား ရာတွင် ယခုအစည်းအဝေးသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် အစည်းအဝေး တစ်ခုဖြစ်ကြောင်း၊   ယခင်က အကြောင်းအမျိုးမျိုး ကြောင့်   အစည်းအဝေးမပြုလုပ်နိုင်ခဲ့သော်လည်း အသေးစား၊      အငယ်စားနှင့်  အလတ်စားဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက် သင့်သည်များကို အမြဲမပြတ် မှာကြားခဲ့ခြင်းကြောင့် လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များလည်း များစွာရှိခဲ့ ကြောင်း၊ ယခင်က SME ဟု အသုံးပြုခဲ့သော်လည်း ယခုအခါ   အဓိပ္ပာယ်ပိုမိုလေးနက်စေရေးအတွက် MSME ဟု    ပြောင်းလဲသတ်မှတ်  အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ ၏  စီးပွားရေးမြှင့်တင်မှုနှင့်   စီးပွားရေးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ဖွံ့ဖြိုး ပြီးနိုင်ငံများနှင့်    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော်ခန့် ပါဝင်လျက်ရှိသည်ကို လေ့လာချက်များအရ တွေ့ရှိ  ရကြောင်း။

 


ဦးတည်ချက် ၃ ရပ် ချမှတ်ဆောင်ရွက်


မိမိတို့နိုင်ငံ၏      စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့အစိုးရတာဝန်ယူပြီး နောက်ပိုင်း တွင် မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့် ပတ်သက်၍ ဦးတည်ချက် ၃ ရပ် ချမှတ်ဆောင်ရွက် ခဲ့ကြောင်း၊   အဆိုပါ  ၃  ရပ်မှာ  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို   အခြေခံသည့်   ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်    တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင် ပြီး   နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို  ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ    ဆောင်ရွက်ဖော်ဆောင်ရေး တို့ပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များမှ တတိယ အချက်သည် နိုင်ငံတော်မှ ပြည်တွင်းစီးပွားရေးကို အားပေးကူညီရန်ဖြစ်ကြောင်း။

 


MSME  လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိနေသည် ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ကျေးလက်စီးပွားရေးဖြစ်သည့်    စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး   ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်း များသည် ထိရောက်သည့် စီးပွားရေးလုပ်ငန်းများပင် ဖြစ်ကြောင်း၊   စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း အဓိကသီးနှံများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက် သီးနှံမျိုးစုံ၊   ပဲမျိုးစုံနှင့်  စက်မှုသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့် တိုင်းရင်း ဆေးပစ္စည်းများထုတ်လုပ်သည့် ပရဆေးပင်များကို စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း အဓိကစားသုံးသော  အသားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို  မွေးမြူကြ ကြောင်း၊   အလားတူ    မိမိတို့နိုင်ငံတွင်  မြေပေါ် မြေအောက်   သယံဇာတပစ္စည်းများလည်း  များစွာ ရှိကြောင်း၊    သစ်ပင်သစ်တောထွက်ပစ္စည်းများ၊ ထုံးကျောက်၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန် ကျောက်မျက်ရတနာများ၊   ခဲမဖြူ၊  အဖြိုက်နက် စသည့် သယံဇာတပစ္စည်းများရှိကြောင်း၊ အဆိုပါ သယံဇာတပစ္စည်းများကို MSME ဖြင့် ဆောင်ရွက် နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

 


အဓိကမောင်းနှင်အားဖြစ်


MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်း သည် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများ ကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွား ရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊   ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍ၊ လူတစ်ဦးချင်း၏ အခန်းကဏ္ဍ သည် တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားဖြစ် ကြောင်း၊ သို့သော် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ရင်းနှီး မြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများနှင့်  လတ်တလော ပုဂ္ဂလိကရင်းနှီးမှုလုပ်ဆောင်ရန်အတွက် အင်အား နည်းနေသေးသည့်   လုပ်ငန်းများကို  မဆုံးရှုံးစေရန် အတွက် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို စီးပွားရေးနှင့် ပတ်သက်၍ အစိုးရမှ အချို့သောအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရမှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင်လည်း နိုင်ငံ၏အခြေအနေအရ လိုအပ်သည့် အခန်းကဏ္ဍများတွင် အစိုးရအနေဖြင့် ပါဝင်ဆောင် ရွက်နေရဦးမည်ဖြစ်ကြောင်း။

 


တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိ


MSME  လုပ်ငန်းများတွင်  ကုန်ထုတ်လုပ်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ် ဖောက်ကားခြင်းကို   အဓိကထားသည့်  စီးပွားရေး လုပ်ငန်း၊    ဝန်ဆောင်ခြင်းကို  အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့်    အခြားလုပ်ငန်းများဟူ၍ လေးမျိုးရှိသည်ဟု   လေ့လာချက်များအရ  တွေ့ရှိရ ကြောင်း၊    အဆိုပါအချက်များအနက်  ကုန်ထုတ် လုပ်မှုကို  အခြေခံသည့်လုပ်ငန်းသည် လက်တွေ့ ကျသည့် လုပ်ငန်းရပ်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု မရှိပါက  ရောင်းဝယ်မှုနှင့် ၎င်းနှင့်ဆက်စပ်လျက် ရှိသည့်   ဝန်ဆောင်မှုလုပ်ငန်းများကို  ဆောင်ရွက် နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံတွင် MSME ၏ အခြေခံဖြစ်သည့် SME  ဥပဒေကို ၂၀၁၅ ခုနှစ်တွင် လွှတ်တော်၌ ပြဋ္ဌာန်းခဲ့ပြီး မူဝါဒများနှင့် နည်းဥပဒေ များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ နှင့် မူဝါဒများကို ချမှတ်ပြဋ္ဌာန်းခြင်းသည် လုပ်ငန်း များကို ခိုင်ခိုင်မာမာဆောင်ရွက်ရန်ဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန်   အရေးကြီး ကြောင်း၊    လုပ်ငန်းများကို  လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်မှုများ အားနည်းခဲ့မှုကြောင့် ပြည်သူများအနေဖြင့်လည်း အထင်အမြင်လွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊    စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်မှုရရှိရန်  လိုအပ်သဖြင့်  MSME  ကို အဓိက ထား ဆွေးနွေးခြင်းပင်ဖြစ်ကြောင်း၊ မိမိ၏ စီးပွားရေး နှင့် ပတ်သက်သည့် မူဝါဒမှာ ပြည်တွင်းစီးပွားရေး ကိုအားပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုကို အားပေးခြင်း ပင်ဖြစ်ကြောင်း၊  တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာရှိကြောင်း၊ ပြည်ပအားကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့်    ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊    ပြည်တွင်းအားဖြင့် ဆောင်ရွက်ရာတွင်လည်း အကျိုးရှိထိရောက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊     တိုင်းပြည်၏  စီးပွားရေးကို ပြည်တွင်းစီးပွားရေးအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊   ထို့ကြောင့် ရှိပြီးသားဖြစ်သည့်    အခြေခံများကို   ခိုင်ခိုင်မာမာ ဖြစ်အောင်ဆောင်ရွက်၍ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 


တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်


ကုန်ထုတ်လုပ်မှုဆိုရာတွင် မိမိလေ့လာသိရှိမှု အရ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လုပ်အား တို့သည်     အဓိကလိုအပ်ချက်ပင်   ဖြစ်ကြောင်း၊ ကုန်ကြမ်းရှိမှသာ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊   အလားတူ  လျှပ်စစ်ဓာတ်အားနှင့် လောင်စာ (Power & Energy )သည်လည်း လိုအပ် ကြောင်း၊ ငွေကြေးအရင်းအနှီးများရှိမှသာ လုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ကျွမ်းကျင် လုပ်သားများရှိမှသာ လုပ်ငန်းများ လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံအတွက် MSME လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်ကြမ်း ရရှိရန်သေချာသည့်   စိုက်ပျိုးရေးနှင့်  မွေးမြူရေး ထွက်ကုန်များကို  အခြေခံသည့် တန်ဖိုးရှိပစ္စည်း၊ တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ဒေသတွင်းရှိ မြေပေါ်မြေအောက်      သယံဇာတပစ္စည်းများကို အခြေခံသည့် တန်ဖိုးရှိနှင့် တန်ဖိုးမြင့်ပစ္စည်းများကိုထုတ်လုပ်ခြင်းများကို  အခြေခံကျကျထုတ်လုပ်ရန် လိုကြောင်း၊ မြို့ပြနှင့်ကျေးလက်ကွာဟမှု၊ ဒေသ တစ်ခုနှင့်တစ်ခု ကွာဟမှု ကျဉ်းမြောင်းအောင် ပြုလုပ် ပေးရန် လိုအပ်သည်ကို မိမိအနေဖြင့် မကြာခဏ ပြောကြားခဲ့ကြောင်း၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကြောင့်      ကျေးလက်နေပြည်သူများ   မြို့ပြသို့ သွားရောက်၍ အလုပ်လုပ်ကြရကြောင်း၊ ဒေသတစ်ခု နှင့်တစ်ခု   ကွာဟချက်ကြောင့်  အားနည်းသည့် ဒေသမှပြည်သူများက အားကောင်းသည့် ဒေသများ ကို သွားရောက်၍ အလုပ်လုပ်ကိုင်ကြကြောင်း။

 


စက်မှုဇုန်များဖော်ဆောင်


ပြည်နယ်နှင့်    တိုင်းဒေသကြီး  အားလုံးတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အချို့သောဒေသများတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု   မရှိသေး ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသနှင့် ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    ဆောင်ရွက်နိုင်ရေး စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊   မိမိတို့နိုင်ငံတွင်  ခရိုင်များတိုးချဲ့ ဖွဲ့စည်းထားရာ အဓိကကျသည့် ခရိုင်များတွင် စက်မှု ဇုန်များ၊  စက်မှုရပ်ကွက်များ   ဖော်ဆောင်ပေးရန် လိုကြောင်း၊   ထိုသို့  ဆောင်ရွက်ပေးမည်ဆိုပါက အဆိုပါဒေသကိုအခြေခံသည့် ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည်   များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများ တိုးတက်များပြားလာမည်ဖြစ်ကြောင်း၊  ဒေသများအလိုက်  MSME ကို အခြေခံသည့်စက်မှုလုပ်ငန်းများကို အကောင်အထည် ဖော်    ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်နိုင်ပါက ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာပြီး မြို့ပြများနှင့် ပြည်ပ နိုင်ငံများသို့    သွားရောက်အလုပ်လုပ်ကိုင်မှုများ လျော့ပါးသွားမည်ဖြစ်ကြောင်း။

 


MSME လုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး  လုပ်ငန်း များနှင့်       နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို   ထပ်မံ အကောင်အထည်ဖော်   ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်သည့် လျှပ်စစ်ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အနာဂတ် မြန်မာနိုင်ငံစီးပွားရေးအတွက် အကျိုးရှိသည့်လုပ်ငန်း များဖြစ်ခြင်းကြောင့် အောင်မြင်အောင် ဆောင်ရွက် သွားကြရန်လိုကြောင်း။ 

 


  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး 


MSME လုပ်ငန်းများကို မိမိတို့နိုင်ငံတွင် အခြေခံ ကျကျဆောင်ရွက်၍ရသည်ကို    တွေ့ရှိရကြောင်း၊ အရင်းအနှီးနှင့်ပတ်သက်၍ လိုအပ်သည့် ငွေကြေး များကို အစိုးရအနေဖြင့် ချေးငှားဆောင်ရွက်ပေး၍ ရကြောင်း၊    စိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများ မတည် ထူထောင်ပေးခဲ့ပြီး   ကျန်ရှိသည့်ငွေများမှ   MSME လုပ်ငန်းများနှင့်    မွေးမြူရေးကဏ္ဍမြှင့်တင်ရေး အတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ MSME    လုပ်ငန်းများကို    မှန်မှန်ကန်ကန်ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဆို ပါက စည်းမျဉ်းစည်းကမ်းများရေးဆွဲ၍ ငွေကြေးများ ချေးငှားပေးရန် အဆင့်သင့်ရှိကြောင်း။

 


လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေး


လူသားအရင်းအမြစ်လိုအပ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အသက် ၂၅ နှစ်အထက် လူဦးရေတွင် ၁၉ သန်းခန့်သည် အခြေခံပညာအားနည်းသည်ဟု သန်းခေါင်စာရင်းအရသိရှိရကြောင်း၊ အဆိုပါပြည်သူ များ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် လုပ်ငန်း ခွင်သင်တန်းများဖွင့်လှစ်၍ သင်ကြားဖွင့်လှစ်ပေးရန် လိုကြောင်း၊ KG+10 နှင့်အထက် ပညာအရည်အချင်း ရှိသူများကိုလည်း တိုင်းပြည်အတွက် အကျိုးရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေး ပညာရေး မြှင့်တင်မှုအခန်းကဏ္ဍမှ    ကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊ လုပ်ငန်းခွင်သင်တန်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သင်ကြား၍ လူသားအရင်းအမြစ်များ မွေးထုတ်နိုင် ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ လူသားအရင်း အမြစ်များ   မွေးထုတ်နိုင်ရေး  ယခင်တပ်မတော် အစိုးရလက်ထက်ကလည်း အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ဇုန် ဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါဇုန်များတွင် တက္ကသိုလ်၊ ကောလိပ်များနှင့် ဆေးရုံများ တည်ဆောက်ပေးခဲ့ ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းမှာ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍   လူသားအရင်းအမြစ်များရရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူသားအရင်း အမြစ် မွေးထုတ်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အားလုံး အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ရယူနိုင်ရန်လိုကြောင်း။

 


နည်းပညာများ လိုအပ်လျက်ရှိ


မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစု မှာ  အရည်အသွေးဆိုင်ရာ  အားနည်းမှုများရှိခြင်း ကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှုနည်းပါးကြောင်း၊ အရည်အသွေးအားနည်းမှုများရှိခြင်းမှာ ကုန်ထုတ် လုပ်ရာတွင်အသုံးပြုသည့် စက်ကိရိယာပစ္စည်းများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ အားနည်း ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထုတ်ကုန် များ  အရည်အသွေးမီအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ် နှင့် အထည်ထုတ်လုပ်မှု၊  သားရေထွက်ကုန်ပစ္စည်း များ၊    သစ်အချောထည်ပစ္စည်းများ၊  ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ် ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက် ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော ထွက်ပစ္စည်းများကို   အခြေခံသည့်  ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့နိုင်ငံအတွက် လက်တွေ့ ကျကျ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့်      ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒုတိယဦးစားပေး ထုတ်လုပ်မှုအနေဖြင့် ဆေးရွက်ကြီးနှင့် စီးကရက် ပစ္စည်းများ၊ စက္ကူထုတ်လုပ်ခြင်းများ၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒထုတ်ကုန်များ၊ သတ္တုသန့်စင် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာ များ ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်အမျိုးမျိုးနှင့်       ပစ္စည်းတင်ယာဉ် အမျိုးမျိုးထုတ်လုပ်ခြင်းနှင့် အခြားသယ်ယူပို့ဆောင် ရေးဆိုင်ရာယာဉ်များ ထုတ်လုပ်ခြင်းနှင့် အခြားပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေး တွင် ပါဝင်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ ဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ခြင်း နှင့် အချို့သောထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အရင်းအနှီးများနှင့် နည်းပညာများ လိုအပ်လျက် ရှိနေသေးကြောင်း။

 


ထုတ်ကုန်များ  ဈေးကွက်ရရှိရန်လို


မိမိတို့နိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄ သောင်း ကျော်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင် စေရန် ဝန်ဆောင်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက် နိုင်ရန်အတွက်   ထုတ်ကုန်များ  ဈေးကွက်ရရှိရန် လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ သတင်းအချက်အလက် များ  မြန်ဆန်စွာစီးဆင်းရန်  ကိစ္စရပ်များ၊  ကုန်စည် စီးဆင်းမှု လုံခြုံချောမွေ့ရေးလုပ်ငန်းကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အဆိုပါကိစ္စရပ် များကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်၍ မရဘဲ အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သဖြင့်     ကော်မတီဝင်များအားလုံး   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများကို အာဆီယံ၏ ညွှန်းကိန်းများနှင့်   သုံးသပ်ခဲ့သည်များရှိပြီး  ရလဒ် ညွှန်းကိန်းများတွင် မိမိတို့နိုင်ငံသည် အချို့နေရာများ ၌ အာဆီယံညွှန်းကိန်း၏ အနိမ့်ပိုင်းတွင်ရှိပြီး အချို့ နေရာများတွင် အလယ် အလတ် အဆင့်အပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မည်သို့သော ညွှန်းကိန်းများ ပြနေသည်ဖြစ်စေ မိမိတို့အနေဖြင့် လက်တွေ့ကျသည့် အလုပ်ဖြစ်နိုင်သည့် MSME များ ဖြစ်ရန်လိုကြောင်း၊   အထူးသဖြင့်  ထုတ်လုပ်မှုကို အခြေခံဖြစ်ပေါ်လာသည့်      ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းသည်  ၂၅  ရာခိုင်နှုန်းနှင့်  ၁၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထုတ်လုပ်မှု မှာ    ၃၉   ရာခိုင်နှုန်းဖြစ်ကြောင်း၊   ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်လာမည်ဆိုပါက ရောင်းဝယ်မှု လုပ်ငန်းများ       တိုးတက်လာမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းမှာ     ဝယ်ရောင်းသမားများ ဖြစ်ကြကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်း များ   ဆောင်ရွက်ခြင်းထက်  ဈေးရောင်းချသူများ များပြားကြောင်း၊ ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည် ဖြစ်ကြောင်း။

 


နည်းလမ်းများရှာဖွေဆောင်ရွက်


MSME လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏     လေ့လာချက်အရ ပတ်ဝန်းကျင်ကောင်းများနှင့် လုပ်ငန်းဆောင်ရွက်ရန် အတွက် အခြေခံအဆောက်အဦများ လိုအပ်ချက်များ ရှိခြင်း၊ စွန့်ဦးတီထွင်လိုသူများအတွက် မဝံ့မရဲဖြစ်မှု များကို   ဖြေလျှော့ပေးရန်   လိုအပ်ခြင်း၊   ငွေကြေး အရင်းအနှီး၊      စရိတ်ကြီးမြင့်သည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကိုတွေ့ရှိရခြင်း၊ ရိုးရာနည်းပညာ များကို အသုံးပြုထုတ်လုပ်ခြင်း၊ သုတေသနပြုချက် များနှင့်      ဆန်းသစ်တီထွင်မှုဆိုင်ရာများတွင် အထောက်အပံ့အားနည်းသည်များကို    တွေ့ရှိရ ကြောင်း၊ အဆိုပါရလဒ်များကို အခြေခံ၍ ထုတ်ကုန် များကို ရောင်းတန်းဝင် အဆင့်မြှင့်တင်နိုင်ရန်အတွက် ကန့်သတ်ချက်များနှင့်    အဟန့်အတားများ   တွေ့ရှိ ရသည်ဟု   လေ့လာတွေ့ရှိရကြောင်း၊   ထုတ်ကုန်များ ကို   အရည်အသွေးရှိသည့်  ရောင်းကုန်ပစ္စည်းများ ဖြစ်အောင်  ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် အဆိုပါအချက်များကို ကော်မတီဝင်များအနေဖြင့် ထည့်သွင်းစဉ်းစား၍  လက်တွေ့ကျကျ  အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်း များရှာဖွေ၍   ဆောင်ရွက်ကြမည်ဆိုပါက  MSME လုပ်ငန်းများသည်    တိုင်းပြည်၏   စီးပွားရေးကို ထိထိမိမိ  အထောက်အကူပြုလိမ့်မည်ဟု  ယုံကြည် ကြောင်း၊ မိမိအနေဖြင့် ယခု MSME  လုပ်ငန်းသည် နိုင်ငံအတွက်     အဓိကမောင်းနှင်အားဖြစ်သဖြင့် အလေးထား     ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက်         ဗဟိုကော်မတီအတွင်းရေးမှူး  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စက်မှု လုပ်ငန်းမူဝါဒ၊   SME  ဖွံ့ဖြိုးတိုးတက်ရေးမူဝါတို့ ချိတ်ဆက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၏ အရင်း အမြစ်များ၊ မြန်မာနိုင်ငံ၏ SME ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ၊  SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ မူဝါဒနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ခဲ့မှု၊ MSME အဖြစ် စတင်သုံးနှုန်းလာခြင်း၊  SME  ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ရမည့် ကော်မတီနှင့် အဖွဲ့များ၊  SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနများ ဖွဲ့စည်းခြင်း၊  SME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင် ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများ၊ မြန်မာ့ MSME   ရှင်သန်ဖွံ့ဖြိုးလာစေရန်  ဆောင်ရွက်ရမည့် လုပ်ငန်းများ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်    MSME    ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး  ဗဟိုကော်မတီမှ ဆွေးနွေးဆုံးဖြတ်ရမည့် အချက် များကို အဆိုပြုတင်ပြသည်။
ထို့နောက်  ဗဟိုကော်မတီဝင်များက ပြည်တွင်း လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို အားပေးကူညီရန်၊    MSME  ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်နှင့် ပြည်ပအဖွဲ့အစည်းများမှ ချေးငွေများထုတ်ချေးပေးခဲ့မှုနှင့် ဆက်လက်ထုတ်ချေးပေးသွား မည့် အစီအမံများ၊ MSME ရန်ပုံငွေထူထောင်ရေး၊  ပြည်တွင်း၊   ပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊   MSME   လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်စေရေးအတွက်    ပို့ဆောင်ရေးအခြေခံ အဆောက်အအုံများနှင့်   ဆက်သွယ်ရေးကွန်ရက် များ  ကောင်းမွန်စေရန်   ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်   စီးပွားရေးသတင်းချက်အလက် များကို  နိုင်ငံပိုင်မီဒီယာများမှ  အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြနိုင်ရေး       ဆောင်ရွက်သွားမည့် အစီအမံများ၊ ကျေးလက်ဒေသများတွင် သမဝါယမ အသင်းများဖွဲ့စည်းပြီး အသေးစားစက်မှုလုပ်ငန်း များ ထူထောင်ပေးနေမှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ   ဖွင့်လှစ်ပို့ချပေးနေမှု၊  ဈေးရောင်း ပွဲတော်များနှင့် ထုတ်ကုန်ပြပွဲများ ကျင်းပပေးနေမှု၊ သစ်အချောထည်၊ ကျောက်မျက်အချောထည်နှင့် ဓာတ်သတ္တုနှင့် စက်မှုတွင်းထွက်လုပ်ငန်းများ ခွင့်ပြု ထားရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အားပေးနေမှု၊ လျှပ်စစ်ကဏ္ဍတွင်  ပြည်တွင်း ထုတ်ကုန်များ    တိုးမြှင့်ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊   ပုဂ္ဂလိကထုတ်ကုန် အရည်အသွေး   တိုးတက်စေရေး  ဆောင်ရွက်နေမှု အခြေအနေ၊     လူစွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေးနှင့်   အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှု၊  SME  ဥပဒေတွင် ပြင်ဆင်ရန် လိုအပ်သည့်အချက်များ၊    MSME  လုပ်ငန်းများ အနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များဖြင့်     ချိတ်ဆက်ရန်    လိုအပ်မှုအခြေအနေ၊ တက္ကသိုလ်များ၌    စီးပွားရေးဘာသာရပ်များတွင် MSME ဘာသာရပ် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေး၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ စံချိန်၊ စံညွှန်းသတ်မှတ် ရန်  လိုအပ်မှုအခြေအနေ၊   MSME  လုပ်ငန်းများမှ ထုတ်လုပ်သည့်  ထုတ်ကုန်များအား စားသုံးသူများ အတွက် ဘေးကင်းသည့် ထုတ်ကုန်ဖြစ်စေရန် FDA မှ အရည်အသွေးစစ်ဆေး၍ ခွင့်ပြုပေးနေမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်    လုပ်ငန်း လိုအပ်ချက်၊ ဥပဒေဆိုင်ရာလိုအပ်ချက်နှင့် ငွေကြေး မူဝါဒဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍    ရှင်းလင်းတင်ပြ ကြသည်။

 


MSME  လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရန်အရေးကြီး


ထို့နောက်   နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်    ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးစနစ်  ကောင်းမွန်ရန်အရေးကြီး ပါကြောင်း၊   ထို့ကြောင့်   နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူပို့ဆောင်ရေးစနစ်ကို     ဦးစားပေး အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း၊  ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းသည်  စီးပွားရေးအရ တွက်ခြေကိုက်သည့်အတွက် နိုင်ငံတကာတွင် ရထား ပို့ဆောင်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊    တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် MSME  လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်ရေးစနစ် ကောင်းမွန် စေရန်    အရေးကြီးပါကြောင်း၊   အများပြည်သူများ အတွက်      သတင်းအချက်အလက်များ    အချိန်နှင့် တစ်ပြေးညီသိရှိစေရန်နှင့်   မှန်မှန်ကန်ကန်၊   လုံလုံ ခြုံခြုံဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိုဘိုင်း ဖုန်းနှင့်     အင်တာနက်သုံးစွဲမှုအပိုင်းတွင်လည်း စည်းကမ်းတကျဖြစ်စေရန်       လိုအပ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများမှ   စီးပွားရေးသတင်းများ၊  ကုန် ဈေးနှုန်းနှင့်  ငွေကြေးသတင်းအချက်အလက်များကို သီးခြားကဏ္ဍတစ်ခုအနေဖြင့်  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်  လိုအပ်ပါကြောင်း၊    နိုင်ငံတော်၊ တပ်မတော်နှင့် ပုဂ္ဂလိကအပိုင်းတို့မှ  သတင်းအချက် အလက်များကို ပြည်သူများ  မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်သိရှိစေရေး   ဆောင်ရွက်ပေးရန်   လိုအပ် ကြောင်း၊      သစ်အချောထည်       ထုတ်ကုန်များကို  အဆင့်မီထုတ်လုပ်နိုင်ရန်        လိုအပ်ပါကြောင်း၊ အလားတူ      တွင်းထွက်သယံဇာတများကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်   ထုတ်လုပ်သွားစေ လိုကြောင်း။

 


လူသားအရင်းအမြစ်များရရှိရေး   
 ဦးတည်ဆောင်ရွက်


MSME လုပ်ငန်းများရှိရာ နယ်မြေဒေသအလိုက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် အသေးစား ဓာတ်အားထုတ်လုပ်သည့်စနစ်များ   ကူညီဆောင် ရွက်ပေးနိုင်ရေး၊   မဟာဓာတ်အားလိုင်းမှ  လျှပ်စစ် ဓာတ်အားရယူသုံးစွဲခြင်းမပြုဘဲ      ဒေသအလိုက် တစ်ပိုင်တစ်နိုင်ဓာတ်အား   ထုတ်လုပ်သုံးစွဲနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ  လက်ရှိ ဖွင့်လှစ်လျက်ရှိသည့်  သက်မွေးပညာသင်တန်းများ ထိထိရောက်ရောက်ဖြစ်စေရန်    လိုအပ်ကြောင်း၊ အဆိုပါသင်တန်းများမှ     မွေးထုတ်ပေးလိုက်သည့် အလုပ်သမားများကိုလည်း  လက်တွေ့လုပ်ငန်းခွင် တွင်  အကျိုးရှိရှိအသုံးပြုနိုင်ရန်   လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များရရှိရေးကို    ဦးတည်ဆောင် ရွက်ရန်လိုအပ်ကြောင်း၊     ပြည်တွင်းသုံး   MSME ထုတ်ကုန်များ၏     စံချိန်စံညွှန်းနှင့်ပတ်သက်၍ တစ်ပြေးညီဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြည်ပပို့ကုန် များအတွက်     ထုတ်ကုန်အရည်အသွေးကိုလည်း နိုင်ငံတကာအရည်အသွေးမီဖြစ်စေရန်   စံချိန်စံညွှန်း သတ်မှတ်ရန် လိုအပ်ပါကြောင်း။

 


နိုင်ငံ၏  စီးပွားရေးကို အထောက်အကူဖြစ်ရန် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် မြေပေါ်မြေအောက်  သယံဇာတများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို  ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေရရှိရေးအတွက်    ကြိုးစားဆောင်ရွက် ရန်     လိုအပ်ပါကြောင်း၊         ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်စေရန်  ဒေသအလိုက် ကုန်ထုတ် လုပ်မှုတိုးတက်စေရေး ဆောင်ရွက်သွားရန်   လိုအပ် ကြောင်း၊   နိုင်ငံတော်သည်   မူဝါဒချမှတ်ပေးသည့် အဆင့်ဖြစ်ပြီး  MSME  လုပ်ငန်းများ   မြေပြင်တွင် အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင် UMFCCI နှင့်  ညီနောင်အသင်းများအနေဖြင့် လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသ တိုင်းတွင် MSME လုပ်ငန်းများမှ  ထုတ်လုပ်မှုများရှိ နေရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများဖြင့်  ပြည်တွင်း စီးပွားရေးအားကောင်းအောင်     ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊   လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေဖြင့်     အကာအကွယ်ပေးထားနိုင်ရမည်ဖြစ် ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က    လုပ်ငန်း ကော်မတီ၏         ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်  အခြေအနေများကို  ရှင်းလင်း တင်ပြသည်။

 


  ဒေသတစ်ခုနှင့်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုများ
ကွာဟမှုမရှိအောင်ဆောင်ရွက်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးတွင်  အားလုံးမှ တက်တက်ကြွကြွ   ပါဝင်ဆွေးနွေးဆောင်ရွက်ကြ သည်ကိုတွေ့ရကြောင်း၊   MSME  ကို   နိုင်ငံစီးပွားရေး မြှင့်တင်မှုအတွက်    ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့်   တစ်နိုင်ငံလုံး   အကြားအလပ်မရှိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေ ဖြင့်   တိုင်းဒေသကြီးနှင့်  ပြည်နယ်အားလုံး၊   ဒေသ တစ်ခုနှင့်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုများ  ကွာဟမှုမရှိ အောင်    ဆောင်ရွက်ပေးပြီး    အားလုံးတစ်ပြေးညီ ဖြစ်အောင်    ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး  ပြည်နယ်အလိုက်၊   ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကို  အခြေခံပြီး ကုန်ထုတ် လုပ်မှုအတွက် စဉ်းစားဆောင်ရွက်ရန်၊ လူသားအရင်း အမြစ်များရရှိရေးအတွက်  ဆောင်ရွက်ရန်နှင့် ပညာ ရေး  ကွာဟမှုများကို  တတ်နိုင်သမျှ လျှော့ချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လူသားအရင်းအမြစ်များ ကို အသုံးချ၍  နည်းပညာနှင့်  အတတ်ပညာများကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရင်းအနှီး များရရှိရေးအတွက်     နိုင်ငံတော်နှင့်   ပုဂ္ဂလိက လုပ်ငန်းရှင်များ       ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။

 


ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး၊     လမ်းပန်း ဆက်သွယ်မှုများ  ကောင်းမွန်ရန်လိုကြောင်း၊ လမ်းမ ကြီးများသာမက မြို့၊  ရွာချင်းဆက်လမ်းများ၊ ကုန် ထုတ်လမ်းများ    ကောင်းမွန်မှသာ  ထုတ်လုပ်သည့် ထုတ်ကုန်များကို   အဆင်ပြေချောမွေ့စွာ  ပို့ဆောင် နိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးစနစ်များလည်း ကောင်းမွန်ရမည်ဖြစ်ကြောင်း၊   ထို့ကြောင့် အဆိုပါ အချက်များကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊  စက်ရုံများနှင့် စက်ပစ္စည်းများလည်ပတ်နိုင်ရန်လိုအပ်သည့်  လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် ဒေသအလိုက်  အကောင်အထည်ဖော် ဆောင်ရွက်ကြရန်   မှာကြားလိုကြောင်း၊    မိမိတို့ ကော်မတီသည် နိုင်ငံတော်အတွက်  အရေးကြီးသည့် အဓိကကျသည့် ကော်မတီတစ်ခုဖြစ်ပြီး  ဝန်ကြီးဌာန များနှင့်   ပေါင်းစပ်၍   လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်