မရမ်းကုန်းမြို့နယ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် EM Bokashi မြေဩဇာထုတ်လုပ်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်  အောက်တိုဘာ  ၂၆


ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)  ဦးဗိုလ်ဌေးသည်   ဒုတိယ မြို့တော်ဝန်၊  ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ  ယနေ့နံနက်ပိုင်းတွင်  မရမ်းကုန်းမြို့နယ်  (၅)ရပ်ကွက် စွယ်တော်မြတ်စေတီလမ်းသို့သွားရောက်၍ လမ်းဘေးဝဲ/ယာ အုပ်မိုးကိုင်းများ ခုတ်ထွင် ရှင်းလင်း နေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု၊  လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန် စေရန် အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှု   ကိုလည်းကောင်း၊  ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက   ဆောင်ရွက်နေသော EM Bokashi     မြေဩဇာထုတ်လုပ်ခြင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


အစားထိုးအသုံးပြု


ပန်းဥယျာဉ်နှင့်    အားကစားကွင်းများဌာနသည် ပုံသွင်းခုတ်ဖြတ်ရာမှ  ရရှိသည့်အကိုင်းအခက်များကို စုစည်းထားပြီး   သစ်ရွက်များကို    ခွဲခြားသန့်စင် Sorting လုပ်ခြင်း၊  အလျား ၄ ပေ၊  အနံ ၆ ပေ၊ အမြင့် ၃ ပေ၊ သုည ဒသမ ၇၂ ကျင်းဆံ့ ကန်အတွင်း သစ်ရွက် ဆွေး၊ ဖွဲပြာ၊ နွားချေးများကို   အလွှာလိုက်ထည့်ခြင်း၊ တင်လဲရည် တစ်လီတာ၊ EM ရည်  တစ်လီတာ၊ ရေ လီတာ ၁၀၀ တို့ ရောစပ်ထည့်ခြင်းစသည်တို့ အဆင့် ဆင့် ပြုလုပ်ပြီး  ၄၅ ရက်အကြာတွင် အသင့် အသုံးပြု နိုင်သည့် EM Bokashi  မြေဩဇာထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊  ယခု EM Bokashi  မြေဩဇာကန် ၆၆ ကန်  ပြုလုပ်ထားပြီး  ကန် ၉၄ ကန် ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း၊ အဆိုပါ မြေဩဇာကို အင်းလျားကန်ပေါင်နှင့်  လမ်းလယ်အဝိုင်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့်        ယခင်က ဓာတ်မြေဩဇာအသုံးပြုခဲ့ရာမှ    EM Bokashi မြေဩဇာ  အစားထိုးအသုံးပြုခြင်းဖြင့်  စွန့်ပစ်သစ်ရွက် ဆွေးများ ပြန်လည်အသုံးချနိုင်ပြီး      သဘာဝပတ်ဝန်း ကျင်ကို  ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။ 


သတင်းစဉ်