MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမားများ ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

ကော့သောင်း  နို၀င်ဘာ  ၁၉     


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ      အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ် သမားများ   စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့  မွန်းလွဲပိုင်းက  ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား  ၃၀  ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

 

 

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် J.M.K Services Co.,Ltd မှ ထိုင်းနိုင်ငံရှိ SPM Feed Mill Co.,Ltd သို့ အမျိုးသားအလုပ်သမား ၁၅ ဦး နှင့် အမျိုးသမီးအလုပ်သမား ၁၅ ဦး   စုစုပေါင်းအလုပ်သမား  ၃၀ ကို  နှစ်နှစ်စာချုပ်ဖြင့်  အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ  ရန်ကုန်မြို့မှတစ်ဆင့်  ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်             ခေါ်ယူခဲ့ပြီး         ကော့သောင်းအပြည်ပြည်ဆိုင်ရာ
နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့  ပို့ဆောင်ပေး မည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကော့သောင်းခရိုင်ရုံး၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိ  အဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ  ဆောင်ရွက်ပေးခဲ့ကြပြီး   အလုပ်အကိုင် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့ စနစ်တကျပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)