မန္တလေးတိုင်းဒေသကြီး၌ ကြံများစတင်ခုတ်သိမ်းချိန်တွင် သကြားစက်ရုံများသို့ တိုက်ရိုက်ပို့စနစ်ဖြင့်ဆောင်ရွက်

 

မန္တလေး ဇန်နဝါရီ  ၈


ပြီးခဲ့သည့်ကြံရာသီက    မန္တလေးတိုင်း ဒေသကြီးအတွင်း  ခရိုင်နှစ်ခု၌  စိုက်ပျိုး ထားရှိသည့် ကြံစိုက်ဧက ၂၅၂၂၅ ဧကမှ ကြံသီးနှံများကို   စတင်ခုတ်သိမ်းနေပြီး လေလွင့်မှုမရှိစေရန် သကြားစက်ရုံများသို့ တိုက်ရိုက်ပို့စနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

 


အဆိုပါ  ကြံသီးနှံများကို ပြီးခဲ့သည့် ရာသီက မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် တို့၌ စိုက်ပျိုးခဲ့ကြောင်း၊ ယင်းစိုက်ဧက များအနက် လက်ရှိအချိန်တွင် ဧက ၄၀၀၀ ကျော် ခုတ်သိမ်းနေကြောင်း၊ ခုတ်သိမ်းပြီး ရရှိလာသည့် ကြံများကို တိုင်းဒေသကြီး အတွင်း  စက်ရုံနှစ်ရုံဖြစ်သော ဂရိတ်ဝေါ စက်ရုံနှင့် မောင်းကုန်းသကြားစက်ရုံတို့သို့ ချိတ်ဆက်   ပို့ဆောင်နေပြီဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကြံများကို စစ်ကိုင်းတိုင်းဒေသကြီး   ထီးချိုင့်အစပ် တွင် တည်ရှိသည့် ဂရိတ်ဝေါဝေမာဟိုဒင်း စက်ရုံဆီသို့လည်း    ချိတ်ဆက်ပို့ဆောင် ပေးလျက်ရှိကြောင်း၊    စက်ရုံများသည် ယခုလ ပထမပတ်မှ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း     မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန   ဒုတိယဦးစီးမှူး ဒေါ်ခိုင်မိုမိုဇင်က ပြောသည်။ 

 


“ခုရာသီကတော့ ကြံတွေကိုစတင်ပြီး ခုတ်သိမ်းတဲ့ ရာသီပဲဖြစ်ပါတယ်။ စတင် ခုတ်သိမ်းနေတဲ့   ကြံတွေကို   စက်ရုံတွေ ဆီ တိုက်ရိုက်အရောက်ပို့ စနစ်ကိုလည်း စက်ရုံတွေနဲ့  ကြိုတင်ချိတ်ဆက်ထားပြီး လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကြံသီးနှံ ဟာ      အခြားသီးနှံတွေလို     ရာသီသီးနှံ မဟုတ်ဘဲ တစ်နှစ်လုံးကို တစ်သီးတည်း စိုက်ပျိုးရတဲ့သီးနှံဖြစ်တာကြောင့် ကြံစိုက် တောင်သူတွေအတွက်    ဈေးကွက်တွေ ခိုင်မာအောင်၊  ကြံခုတ်သိမ်းတဲ့အချိန်မှာ အလေအလွင့်နည်းပါးအောင် စက်ရုံတွေ ဆီကို ချက်ချင်းခုတ် ချက်ချင်းပို့အနေနဲ့ ကြံတွေရဲ့အရည်အသွေး   မကျဆင်းဘဲ တောင်သူတွေရဲ့ဝင်ငွေ အပြည့်အဝ ရရှိ စေဖို့အတွက်     နည်းပညာပေးလုပ်ငန်း တွေလည်း လုပ်ဆောင်နေပါတယ်။ လက်ရှိ ခုတ်သိမ်းနေတာ   ဧက   ၄၀၀၀   ကျော် ခုတ်ပြီးပါပြီ။ ဖေဖော်ဝါရီလနဲ့  မတ်လ ဆိုရင် အားလုံးခုတ်သိမ်းပြီးဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။ 

 


 မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့၌ မြို့နယ်အလိုက် ကြံသီးနှံ စိုက်ပျိုးခဲ့မှုမှာ ပုသိမ်ကြီး၌ ဧက ၂၄၀၊ မတ္တရာ၌ ၁၈၅၈ ဧက၊ စဉ့်ကူး၌ ၇၄၆၅ ဧက၊ သပိတ်ကျင်း၌ ၅၂၁၆ ဧက၊ တကောင်း၌ ၁၀၄၄၆ ဧက တို့ဖြစ်ပြီး စုစုပေါင်း ကြံစိုက်ဧက ၂၅၂၂၅ ဧကဖြစ်ကြောင်း၊ လက်ရှိတွင် ဧက ၄၀၀၀ ကျော်ကို စတင်ခုတ်သိမ်းပြီးဖြစ်ကြောင်း၊ ကြံမျိုးများအနေဖြင့်  အထွက်ကောင်းမျိုး နှင့်  ဒေသမျိုး စုစုပေါင်း ၁၈ မျိုး စိုက်ပျိုး ထားကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)