
မန္တလေး ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့ နံနက် ၁ဝ နာရီက ကိုဗစ်အတည်ပြုလူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ပြင်ဆင်နေသည့် ခုတင် (၅၀၀) အရိုးအထူးကုဆေးရုံကြီးသို့ ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် (၂၀၄)ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများက တည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက လေဒဏ် မိုးဒဏ်ခံနိုင်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားရေး၊ အဝင်အထွက်လမ်းများ၊ နားနေဆောင်များနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်နေရာများကို စနစ်တကျ သတ်မှတ်သွားရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားရေးတို့ကို ဆွေးနွေးမှာကြားကာ ကိုဗစ်ကုသရေး စင်တာကို စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုသည်။
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များကို နှီးနွှယ်ဌာနများဖြင့် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ မန္တလေးတိုင်းရင်းဆေးရုံကြီး၊ ၆၂ လမ်း သံဃာ့ဆေးရုံကြီး၊ မန္တလေးအလုပ်သမားဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ(ကန်တော်ကြီး) တို့တွင် ကိုဗစ်အတည်ပြုလူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ ယခုကုသရေး စင်တာ တည်ဆောက်နေမှုများပြီးသွားပါက ပိုမို ကုသဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က လိုအပ်မည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့များနှင့် အခြားလိုအပ်မည့် ကိစ္စရပ်များ ကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်