
မန္တလေး ဒီဇင်ဘာ ၂
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အောင်မြေသာစံမြို့နယ် ပရိယတ္တိသာသနာတက္ကသိုလ်(မန္တလေး)ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး ဒေါ်ထားထား ဦး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူ စုစုပေါင်း ၃၄ ဦး ရရှိခဲ့ပြီး အဆင့်မြင့်ဘွဲ့တံဆိပ်ရရှိသည့် လူပုဂ္ဂိုလ် များကို နေပြည်တော်၌ ချီးမြှင့်အပ်နှင်းပွဲကျင်းပပြီး ကျန်ဘွဲ့တံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မန္တလေးတွင် ကျင်းပခြင်းဖြစ် ကြောင်း၊ သာသနာတော်မြတ်ကြီးကို စွမ်းစွမ်းတမံ စောင့်ရှောက်ပူဇော်ခြင်းကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝမ်းမြောက်ပါကြောင်းနှင့် နောင်တွင် လည်း သာသနာတော်မြတ်ကြီးအား ဆတက်ထမ်းပိုး တိုး၍ လှူဒါန်းသာသနာပြုနိုင်ကြပါစေ၊ လူသားတို့၏ အကျိုးကိုလည်းဆောင်ရွက်ကာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီမှုဆောင်ရွက်ပေးနိုင်ကြပါစေဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ ချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့က သီရိသုဓမ္မမဏိဇောတဓရဘွဲ့နှင့် သီဟ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရရှိသူ အမျိုးသား သုံးဦးကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူး၏ ဇနီး ဒေါ်ထားထားဦးနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၏ ဇနီးများက သီရိသုဓမ္မသိင်္ဂီဘွဲ့၊ သီဟသုဓမ္မသိင်္ဂီနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရရှိသူ အမျိုးသမီးများကိုလည်းကောင်း ချီးမြှင့်အပ်နှင်းကြသည်။
ယနေ့ပြုလုပ်သည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦးရှိသည့်အနက် အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦးအား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်