
မန္တလေး ဧပြီ ၂၇
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အတန်းများအတွက် စာမေးပွဲအောင်စာရင်း များကို ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများ အသီးသီး၌လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာအတန်း များအတွက် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား
ကျောင်းသူများက စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမ များက စနစ်တကျနှင့် စည်းကမ်းတကျ ကြည့်ရှုနိုင် စေရန် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင် ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၄၃၆၃၁ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြပြီး kG မှ Grade 11 အထိ စာမေးပွဲများကို အတန်းစဉ်အလိုက် ဖေဖော်ဝါရီလအတွင်းက ကျင်းပပေးခဲ့ကာ ယနေ့ တွင် ကျောင်းများအလိုက် အောင်စာရင်းရလဒ်များ ကို ထုတ်ပြန်ကြေညာပေးသည်။
ယနေ့အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချို က “Grade –5 က ဖြေဆိုသူ ၈၀၂၈၄ ဦးရှိပြီး အောင်မြင်သူ ၈၀၂၈၃ ဦးအောင်မြင်ခဲ့ပါတယ်။ Grade – 9 အနေနဲ့ ဖြေဆိုသူ ၅၂၄၀၈ ဦးရှိပြီး အောင်မြင်သူ ၅၂၃၉၉ ဦး အောင်မြင်ခဲ့ပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာကျောင်းပေါင်း ၄၁၉၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၁၁ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၃၅ ကျောင်း ရှိကြောင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ ၃၁ရက် အထိ ဆောင်ရွက်ပေးခဲ့ပြီး ဇွန် ၁ ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
မောင်အေးချမ်း