မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူများအတွက် အခြေခံငါးမွေးမြူနည်းပညာရပ်များ သင်ကြားပေးမည်

 

မန္တလေး ဒီဇင်ဘာ ၃၁


 မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူများအတွက် ငါး မွေးမြူခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ်နည်းပညာရပ်များကို  လာမည့်ဖေဖော်ဝါရီလအတွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်းစခန်းမှတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းနောင်ဝင်းက ပြောသည်။ 

 


 အဆိုပါ  နည်းပညာရပ်များကို  ငါးမွေးမြူရေး စိတ်ပါဝင်စားသည့်     ငါးမွေးတောင်သူများကို ငါးမွေးမြူရေးနည်းစနစ်များ   သိရှိနားလည်စေရေး အတွက် အဓိကထားရည်ရွယ်ပြီး  သင်ကြားပေးသွား ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ယင်းနည်းပညာ ရပ်များကို    သင်ကြားပေးရန်   တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏  ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး    သင်ကြားပေးရာတွင် လည်း  သင်တန်းတစ်ခုတွင်  လူဦးရေ ၂၀ မှ ၂၅ ဦး ထိ လက်ခံပြီး   ငါးမွေးတောင်သူများကို  စာတွေ့၊ လက်တွေ့နည်းဖြင့်   သင်ကြားပေးသွားမည်  ဖြစ် ကြောင်း သိရသည်။

 


“ငါးမွေးမြူရေးကို   စိတ်ပါဝင်စားတဲ့   ငါးမွေး တောင်သူတွေကို  သင်တန်းပေးသွားမှာပါ။  စနစ် တကျ   မွေးမြူနိုင်ရေးအတွက်လည်း  သင်တန်းပို့ချ ပေးတာပါ။     သရက်ကုန်းငါးလုပ်ငန်းစခန်းမှာပဲ သင်တန်းဖွင့်လှစ်ပေးသွားမှာပါ။    တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးတောင်သူတွေအတွက်ပါ  သင်တန်း ကိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ  ဖွင့်လှစ်သင်ကြား ပေးသွားမှာပါ။  နှစ်တိုင်းလိုလို  သင်တန်းတွေပေးဖို့ လျာထားပါတယ်။ ယခုသင်တန်းကိုတော့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့  ခရိုင်၊ မြို့နယ် စခန်းတွေ မှာလည်း  ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ယခုလို နည်းပညာရပ်များပေးခြင်းဖြင့် အခြေခံငါးမွေးမြူရေး ကို   နည်းစနစ်  မှန်မှန်ကန်ကန်နဲ့  မွေးမြူနိုင်မယ့် အကျိုးကျေးဇူးတွေရရှိမှာပါ” ဟု  ၎င်းကရှင်းပြသည်။  

 


ငါးမွေးတောင်သူများ ငါးမွေးမြူသည့်အခါတွင် ကျန်းမာသန်စွမ်းသည့်  ငါးသားပေါက်၊ ငါးမျိုးစိတ်များ ကို မွေးမြူနိုင်စေရေးနှင့်  ငါးမျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန်အတွက်     အခြေခံ ငါးမွေးမြူခြင်းသင်တန်း၊  ငါးဆေးထိုးသားဖောက် သင်တန်းနှင့်  ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ်(GAQP)စသည့်    နည်းပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊  ငါးမွေးတောင်သူ များ ရေချိုငါးမွေးမြူရေးကို  စနစ်တကျ မွေးမြူနိုင် စေရေး၊ ငါးအစားအစာဘေးအန္တရာယ်ကင်းရှင်းစေ ရေးနှင့် မိမိတို့ကိုယ်တိုင် ငါးသားပေါက်ထုတ်လုပ်နိုင် စေရေးကို ရည်ရွယ်၍ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)