
နေပြည်တော် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက် ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့သည့်ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အတွင်း လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်များ၊ ရွှေဆိုင်များကို လက်နက်ဖြင့် ခြိမ်းခြောက်ဓားပြတိုက်မှုဖြစ်စဉ်များ ၌ တရားခံများနှင့် ရွှေထည်ပစ္စည်းများကိုဖော်ထုတ် ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်စကားပြောကြားပြီး ဖော်ထုတ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်