
နေပြည်တော် အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချိတ်ဆက် ပူးပေါင်းဖော်ထုတ်မှု ဖြင့် နှစ်ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂ ရက် ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဆ)ရပ်ကွက် ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ အမျိုးသားတစ်ဦး လဲကျသေဆုံး နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦး ဝဲရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာခြေသလုံးထိုးသွင်း ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် စက်မှု နယ်မြေရဲစခန်း၌ (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့် အမှု ရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင် ရေးနှင့် သေဆုံးသူအား အတည်ပြု နိုင်ရေး ဆောင်ရွက်ခဲ့သည်။
သေဆုံးသူနှင့် ပတ်သက်၍ စုံစမ်းအတည်ပြုခဲ့ရာ ပြည်ကြီး တံခွန်မြို့နယ်နေ ဦးပြည့်စုံထွန်း (၃၀နှစ်) အငှားယာဉ်မောင်းနှင် သူဖြစ်ပြီး ယင်းနေ့နံနက် ၈ နာရီ ခန့်တွင် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေ သိင်္ဂီ” တည်းခိုခန်းတွင် တည်းခို နေသူတစ်ဦးက မြို့တွင်းဘုရားဖူး ရန် ကားငှားသဖြင့် ၎င်းမောင်းနှင် သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ အဆက် အသွယ် ပြတ်တောက်ခဲ့ပြီး အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ၎င်းမောင်းနှင်ခဲ့သည့် မော်တော် ယာဉ်မှာလည်း ပျောက်ဆုံးလျက်ရှိ ကြောင်း ကနဦး ဖော်ထုတ်သိရှိ ရသည်။
ထို့နောက် တရားခံဖမ်းဆီးရမိ နိုင်ရေးနှင့် မော်တော်ယာဉ်အား ပြန်လည် သိမ်းဆည်းရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က “ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွား ရောက်စုံစမ်းခဲ့ရာ ၎င်းတည်းခိုခန်း ၌ တည်းခိုနေထိုင်သည့် ကျော် သီဟ ဆိုသူက ၎င်း၏မိသားစုနှင့် အတူ ယင်းနေ့ည ၆ နာရီတွင် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မောင်းနှင် ၍ တည်းခိုခန်းသို့ ပြန်လည်ရောက် ရှိလာကာ အခန်းခများ ရှင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရ သဖြင့် မြို့ဝင်/ထွက် ဂိတ်များရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကွင်းဆက်မပြတ် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ကျောက်ဆည်၊ သာစည်နှင့် အေးသာယာမြို့နယ် တို့မှတစ်ဆင့် တောင်ကြီးမြို့ ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အောက်တိုဘာ ၃ ရက် ညနေ ၅ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တောင်ကြီး မြို့ ညောင်ဖြူစခန်းရပ်ကွက် အနောက်မြို့ပတ်လမ်း ပေါ်ရှိ ကားရေဆေးဆိုင်အတွင်း၌ အဆို ပါ MDY CC-4268 TOYOTA MARK II ယာဉ်အား တွေ့ရှိရပြီး စီးနင်းလာသူများမှာ အနောက် မြို့ပတ်လမ်းပေါ်ရှိ “လစ်ဗင်း ကာလာ” တည်းခိုခန်းအခန်းအမှတ် ၂၀၂ ၌ တည်းခိုနေကြောင်း စုံစမ်းသိရှိရသဖြင့် တည်းခိုခန်း ကို ဝင်ရောက်ရှာဖွေ ခဲ့ရာ အခန်း အမှတ် ၂၀၂ ၌ ကျော်သီဟ(ခ) တရုတ်ကြီး၏ ဇနီးဖြစ်သူ မဝေ ဝေနွယ်နှင့် သားဖြစ်သူတို့ကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ) တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါ တည်းခိုခန်းအပေါ်ထပ် ရေတိုင်ကီ အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး၏ ထွက်ဆိုချက်အရ ၎င်းသည် အလုပ်အကိုင်မရှိဘဲ မိသားစုနှင့်အတူ “ရွှေသိင်္ဂီ” တည်းခိုခန်း၌ စက်တင်ဘာ ၂၄ ရက်မှစ၍ တည်းခိုနေထိုင်ကာ သုံးစွဲရန်ငွေမရှိသဖြင့် ငွေရရှိရန် မော်တော်ယာဉ် တစ်စီး ငှားရမ်းအသုံးပြု၍ မော်တော် ယာဉ်ကို ယာဉ်မောင်းအလစ် မောင်းနှင်ထွက်ပြေး ယူဆောင် ရောင်းချရန်စီစဉ်ကာ ယခင်က သိကျွမ်းခဲ့သည့် အိုးဝေမောင်းနှင် သူမှတစ်ဆင့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ် ကို မြို့တွင်းဘုရားဖူးသွားရန် ငှားရမ်းခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် မော်တော်ယာဉ်အား ရန်ကင်းတောင် အရှေ့ဘက်ခြမ်း လမ်းကြားသို့ မောင်းနှင်စေခဲ့ပြီး အဆိုပါ လမ်းကြားအရောက်၌ ၎င်း၏မိဘများ လာမည်ဖြစ်၍ စောင့်ဆိုင်းပေးရန် ယာဉ်မောင်း ကို လိမ်လည်ပြောဆိုပြီး ဇနီးနှင့် သားဖြစ်သူတို့အား ယာဉ်အောက် ၌ စောင့်နေစေကာ ၎င်းမှ ယာဉ်၏ အနောက်ခန်းတွင် ထိုင်၍ ယာဉ် မောင်းအလစ်အငိုက်အား စောင့် ဆိုင်းနေခဲ့ကြောင်း၊ ယာဉ်မောင်း ဖြစ်သူမှာ ယာဉ်ပေါ်မှမဆင်းသဖြင့် ညနေ ၅ နာရီခန့်တွင် ၎င်းမှ ယာဉ်မောင်းအား အသင့်ယူ ဆောင်လာသည့် ဓားဖြင့် ထိုးကာ အလောင်းအား ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ စွန့်ပစ်ခဲ့ ခြင်းဖြစ်ကြောင်း။
အခင်းဖြစ်စဉ်က အသုံးပြု သည့် သက်သေခံဓားကို ကျောက်ဆည်မြို့အထွက် လမ်း ဘေး ချုံတစ်ခုအတွင်းသို့ လွှင့်ပစ် ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့နောက် တောင်ကြီးမြို့သို့ လုယက်ယူ ဆောင်ခဲ့သည့် TOYOTA MARK II ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး “လစ်ဗင်း ကာလာ”တည်းခိုခန်း၌ တည်းခို နေထိုင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် အငှားယာဉ် မောင်းကို သတ်ဖြတ်၍ ယာဉ် အား လုယက်ခဲ့သည့် တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး (၂၅)နှစ် (ဘ) ဦးသန်းဝင်းဦးအား ၎င်း လုယက်ယူဆောင်ခဲ့သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်တစ်စီး၊ ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များ၊ ဦးပြည့်စုံထွန်း၏ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ယာဉ်မောင်း လိုင်စင်နှင့် အဝတ်အထည်များ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်