
မန္တလေး အောက်တိုဘာ ၂၀
ယနေ့ကျရောက်သည့် သီတင်း ကျွတ်လပြည့်(အဘိဓမ္မာ အခါ တော်နေ့)သည် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည် နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုး ကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း ခဲဖွယ် ကပ်လှူပူဇော်၍ ကုသိုလ် ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
မန္တလေး ပြည်သူများသည် ဒေသ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည့် ဓလေ့ထုံးစံ အတိုင်း နံနက်အရုဏ်တက်တွင် မဟာမုနိဘုရားကြီးသို့ ဦးခိုက် ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီး များနှင့် ရွှေသင်္ကန်းများကို ဘုရား ဂေါပကတာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များအတိုင်း ဆက်ကပ်လှူဒါန်းကြ သည့်အပြင် မြို့တွင်းရှိ တန်ခိုးကြီး ဘုရားများဖြစ်ကြသည့် မန္တလေး တောင်တော် ဆုတောင်းပြည့် ဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိ ဘုရား၊ ကုသိုလ်တော်ဘုရားများနှင့် အောင်တော်မူဘုရား၊ ကျောက်စိမ်း စေတီတော်များသို့ လှည့်လည် သွားရောက်၍ ကုသိုလ်ပြု ဆုတောင်းသူများ၊ ဘုရားစေတီ များ၏ အေးချမ်းသည့် အရိပ် အာဝါသအောက်တွင် တရား ဘာဝနာ ပွားများနေကြသူများ ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းများနှင့်အညီ ဆွမ်းဆန် တော် လောင်းလှူပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်း၊ ပရိတ် တရားတော်များနှင့် ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ပူဇော် ခြင်း၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးများအား ကန်တော့ ခြင်း စသည့်ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ်ကြပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာ ချမ်းသာ၍ ငြိမ်းချမ်းကြစေ ကြောင်း ဆုမွန်ကောင်းများ တောင်း၍ မေတ္တာပို့သကြသည်။
ထို့နောက် သီတင်းကျွတ် လပြည့်ညပိုင်းတွင်လည်း မန္တလေး တောင်တော် ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်ပေါ်နှင့် ကျောက် တော် ကြီးဘုရားတို့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိ ပူဇော်ပွဲများကို ကျင်းပကြသည့်အပြင် နေအိမ် အသီးသီးတွင်လည်း ရောင်စုံဆီမီး များ ထွန်းညှိပူဇော်ကာ ရိုးရာ ယဉ်ကျေးမှုဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)