
မန္တလေး သြဂုတ် ၁၅
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး (အသင်းခွဲ) မှ မန္တလေးမြို့နေ စားသုံးသူပြည်သူများအတွက် ပြင်ပ ပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ဆန်များကို အသင်းခွဲ ရုံးတည်ရှိရာ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းတွင် ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ တစ်ဦးလျှင် ဆန် သုံးပြည်ပါ တစ်အိတ်ကို ငွေကျပ် ၈၀၀၀ နှုန်းဖြင့် စတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အသင်းအနေဖြင့် ဆန်ဈေးကွက်တည်ငြိမ်စေရေး၊ စားသုံးသူများ သက်သာသော ဈေးနှုန်းဖြင့် ဆန်၀ယ်ယူနိုင်ရေးအတွက် ပြင်ပပေါက်ဈေး ထက် ဈေးနှုန်းလျှော့ချကာ ဆန်သား ၉၅ ရာခိုင်နှုန်းရှိသည့် ဧည့်မထ ဆန် (စူပါဖိုက်အမျိုးအစား) သုံးပြည်ပါ ဆန်အိတ်ပေါင်း ၂၈၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး (အသင်းခွဲ) ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။
“ဒီနေ့ အိတ်ပေါင်းတစ်ထောင်ရောင်းပေးပြီးရင် နောက်ရက်မှာ ဧရာထွန်းရပ်ကွက်ဘက်နဲ့ အမရပူရဘက်သွားရောင်းမှာပါ။ မန္တလေးမှာ ရောင်းမှာက စုစုပေါင်းအိတ် ၂၈၀၀ ပါ” ဟု ၎င်းက ပြောသည်။
ဆန်ရောင်းချရာ အသင်းရုံးသို့ လာရောက်၀ယ်ယူသူတစ်ဦးက “လျှော့ဈေးနဲ့ ဆန်ရောင်းတယ်ဆိုလို့ လာ၀ယ်တာပါ။ ဧည့်မထဆန် ဖြစ်တော့ စားလို့အဆင်ပြေမှာပါ။ ဆန်လိုပဲ အခြားစားသောက်ကုန် တွေကိုလည်း ဈေးသက်သာစွာနဲ့ ရောင်းချပေးဖို့ စီစဉ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ထိုသို့ ရောင်းချရာတွင် ဆန်သုံးပြည်ပါ အိတ်ပေါင်း ၂၈၀၀ ကို မန္တလေးတိုင်းဒေသကြီး အသင်းခွဲက ဦးဆောင်၍ နေ့စဉ်၀င်ငွေနည်းပါးသူ အများစုရှိရာ ရပ်ကွက်များကို ရွေးချယ်၍ အစုအဖွဲ့လိုက် ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း