
မန္တလေး မတ် ၁၈
မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် ကျုံးအနောက်၊ မြောက်နှင့် အရှေ့ဘက်ခြမ်း တို့တွင် ရေကစားမဏ္ဍပ် တည်ဆောက်လိုပါက အခကြေးငွေပေးသွင်းစရာမလိုဘဲ ဦးရာလူ စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ဦးရာလူစနစ်ဖြင့် နေရာချထားမည်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြား ရေးဌာနမှူး ဦးတင်ထွန်းဦးက “မန္တလေးကျုံး ပတ်လည်နဲ့ မြို့တော်အတွင်းမှာ ဒီနှစ်မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံထားပါတယ်။ ဒါကြောင့် မန္တလေးမြို့တော် ခြောက်မြို့နယ်မှာရှိတဲ့ လမ်းမကြီးတွေရယ်၊ မန္တလေးနန်းမြို့ကျုံး ပတ်လည်မှာရှိတဲ့ ၆၆ လမ်း၊ ၁၂ လမ်းကနေ ၁၉ လမ်းအထိရယ်၊ လမ်း ၈၀၊ ၁၂ လမ်းကနေ ၂၆ လမ်းအထိရယ်၊ နောက် ၁၂ လမ်း၊ ၆၆ လမ်းကနေ လမ်း ၈၀ အထိကို ကျွန်တော်တို့ ရေကစား မဏ္ဍပ်တွေ၊ စတုဒိသာမဏ္ဍပ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ရေကစားမယ့်သူတွေ၊ ရေကစားမဏ္ဍပ် ထိုးချင်တဲ့သူ တွေ၊ စတုဒိသာ မဏ္ဍပ်နဲ့ အများပြည်သူ ရေကစားလိုတဲ့ သူတွေအနေနဲ့ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ အခွန်ဌာနကို လာပြီး လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားတဲ့ နေရာမှာလည်း မည်သည့်အခွန်အခကိုမှ ပေးသွင်းစရာမလိုဘဲ ဦးရာလူစနစ်နဲ့ နေရာ ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
နောက်ဆုံးထားလျှောက်ထား
ယခုနှစ် မန္တလေးအတာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ပေါ် ခြောက်မြို့နယ်ရှိ လမ်းမကြီး များနှင့် မန္တလေးနန်းမြို့ ကျုံးအရှေ့ဘက်ခြမ်း (၆၆ လမ်း၊ ၁၂ လမ်း မှ ၁၉ လမ်းအထိ)၊ အနောက်ခြမ်း (လမ်း ၈၀၊ ၁၂ လမ်းမှ ၂၆ လမ်းအထိ)၊ မြောက်ဘက်ခြမ်း(၁၂လမ်း၊ ၆၆ လမ်းမှ လမ်း ၈၀အထိ) တို့တွင် ပြည်သူများ အနေဖြင့် ရေကစားမဏ္ဍပ်ဆောက်လုပ်၍ လည်းကောင်း၊ ရေစုပ်စက်ဖြင့် လည်းကောင်း ရေပက်ကစားလိုပါက ယင်းနေရာများကို မည်သည့်အခွန်အခမှ ပေးသွင်းစရာမလိုဘဲ ဦးရာလူစနစ်ဖြင့် ချပေးမည်ဖြစ်ပြီး အခွန်ဌာန ဖုန်း ၀၉- ၂၀၀၇၈၉၇၊ ၀၉-၂၀၃၅၂၇၄ နှင့် ၀၉-၆၆၁၉၉၄၈၄၈ တို့သို့ ဧပြီ ၁၀ ရက် နောက်ဆုံးထားလျှောက်ထားရန် ဖိတ်ခေါ် ကြေညာထားသည်။
ကျုံးတောင်ဘက်ခြမ်း (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) တွင်မူ လမ်းလျှောက် သင်္ကြန်ပွဲတော်အဖြစ် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီး ခြောက်ခုကိုလည်းကောင်း၊ ကျုံး အရှေ့ဘက်ခြမ်း (၆၆ လမ်း၊ ၁၉ လမ်းမှ ၂၆ လမ်းအထိ)တွင် မဏ္ဍပ်ကြီးလေးခုကို လည်းကောင်း ထည့်သွင်းကျင်းပရန် စီစဉ် ထားသည်။
စျေးချိုသူ ရေကစားမဏ္ဍပ်
“လောလောဆယ် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းကနေ ၇၈ လမ်းအထိ လမ်းလျှောက်သင်္ကြန်အဖြစ် သတ်မှတ်ထားလို့ ကားနဲ့ ဆိုင်ကယ်တွေ ဝင်ခွင့်မရှိပါဘူး။ လမ်းလျှောက်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန် မှာ ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီး ခြောက်ခုပါရှိပြီးတော့ အဲဒီမဏ္ဍပ် တွေမှာ နိုင်ငံကျော်အဆိုတော်တွေနဲ့ သရုပ် ဆောင်တွေရဲ့ ဧည့်ခံဖျော်ဖြေမှုအပါအဝင် မဏ္ဍပ်တွေကြားမှာ စတုဒိသာမဏ္ဍပ်တွေ ကိုပါ ထည့်သွင်းပြီး ကျွေးမွေးဧည့်ခံမှာ ဖြစ်ပါ တယ်။ နောက်ပြီး ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းပေါ် (၁၉ လမ်းမှ ၂၆ လမ်း အထိ) မှာ မဏ္ဍပ်ကြီးလေးခု ပါရှိမှာပါ။ အဲဒီနေရာကျတော့ ရေပက်ခံကားတွေ ဝင်ထွက်ခွင့်ပြုမယ်။ ဒါပေမယ့် မော်တော်ဆိုင်ကယ်တွေကို ဝင်/ထွက် ခွင့်ပြုမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက အရင်တုန်းက စျေးချိုသူ ရေကစားမဏ္ဍပ်ဆိုတာ ရှိခဲ့ပါတယ်။ မန္တလေးမှာ အထင်ကရပေါ့။ စျေးချိုသူရေကစားမဏ္ဍပ်ကို ဒီနှစ်မှာ ကျွန်တော်တို့က ပြန်လည်ဖော်ထုတ်ဖို့ ရှိပါ တယ်။ အဲဒါက ၂၆ လမ်းနဲ့ ၈၄ လမ်း နာရီစင် အနီးမှာရှိပါမယ်။ အဲဒီမဏ္ဍပ်မှာ မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာအသင်းက ပူးပေါင်း ပါဝင်ပြီး နိုင်ငံကျော်အဆိုတော်တွေနဲ့ သရုပ် ဆောင်တွေက ဧည့်ခံဖျော်ဖြေသွားမှာပါ။ နောက်ပြီး မင်္ဂလာမန္တလေးဘက်ခြမ်းမှာလည်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စီမံထားပါ တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လမ်းလျှောက်သင်္ကြန်
မန္တလေးမြို့တွင်း ၇၃ လမ်း၊ သဇင်လမ်းမှ ငုရွှေဝါလမ်းအထိကို လမ်းလျှောက်သင်္ကြန် အဖြစ် ကျင်းပမည်ဖြစ်ရာ လောင်းလှေများ၊ ရေပိုက်များ၊ ခြင်းလုံး များ၊ ရောင်စုံထီးများဖြင့် အလှဆင် ဆောင်ရွက်သွားမည့်အပြင် ရေကစားမဏ္ဍပ်အသေးများလည်း ဆောက် လုပ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးစျေးချိုတော် နာရီစင်အနီးတွင် ဈေးချိုသူ ရေကစားမဏ္ဍပ် ကိုလည်းကောင်း၊ သိပ္ပံလမ်း (၁၀၁ လမ်း) ပေါ်တွင် အလျား ၁၄၄ ပေ၊ အနံပေ ၅၀၊ အမြင့် ခုနစ်ပေရှိ ရေကစားမဏ္ဍပ်ကို လည်းကောင်း ဆောက်လုပ်၍ နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်များဖြင့် ဧည့်ခံ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း