
မန္တလေး အောက်တိုဘာ ၂၄
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ သီရိမာလာကုန်စိမ်း လက်ကားဈေးသို့ ယခုအချိန်တွင် ညောင်ရွှေဒေသမှ ဝင်ရောက် နေသည့် ခရမ်းချဉ်(အင်းသီး)များ ဈေးကောင်းရရှိနေပြီး ယခင်နှစ် ဈေးနှုန်းထက် ပိုမိုမြင့်တက်နေ ကြောင်း အဆိုပါ ဈေးအတွင်းရှိ ခရမ်းချဉ်သီး ပွဲရုံများထံမှ သိရသည်။
အဆိုပါ ခရမ်းချဉ်(အင်းသီး)များသည် ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေ၊ အင်းလေးဒေသတို့မှ ထွက်ရှိပြီး မန္တလေးမြို့ သီရိ မာလာကုန်စိမ်းဈေးသို့ တစ်ရက် လျှင် ၂၂ ဘီးယာဉ် ခုနစ်စီးမှ ရှစ်စီး အထိ ပုံမှန်ဝင်ရောက်လျက်ရှိ ကြောင်း၊ ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့် စက်တင်ဘာလက ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျှင် အမြင့်ဆုံးငွေကျပ် ၆၀၀၀ မှ ၇၀၀၀ သာ ရရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် ၁၈ ပိဿာ ဝင် သေတ္တာတစ်လုံးလျှင် ငွေကျပ် ၁၂၀၀၀ မှ ၁၈၀၀၀ အထိ ရရှိ နေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင် က ပြောသည်။
“လက်ရှိမှာတော့ ခရမ်းချဉ် သီး အဓိကစိုက်ပျိုးတဲ့ အင်းလေး ဒေသဘက်က ခရမ်းချဉ်သီးတွေ ဈေးကွက်ကို အများဆုံး ရောက်ရှိ လာတာပါ။ ခရမ်းချဉ်သီးဈေးနှုန်း က ပြီးခဲ့တဲ့လကနဲ့ နှိုင်းယှဉ်ရင် သောင်းဂဏန်းနီးပါးလောက် မြင့် တက်သွားပါတယ်။ ဈေးတက်တာ က လမ်းပန်းဆက်သွယ်မှု အခက်အခဲကြောင့်လည်းပါတယ်။ အဝင်နည်းပြီး ပစ္စည်းပြတ်လပ်နေ မှုကြောင့်လည်းပါတယ်။ မြေပြန့် သီးတွေမရှိတော့ ဈေးတက် သွားတာပါ။ ခရမ်းချဉ်သီးအပြင် ကျန်တဲ့ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ဗိုလ်စားပဲ၊ အာလူးနဲ့ ကြက်သွန်တွေက လည်း ဈေးကောင်းရရှိနေ ပါတယ်” ဟု ၎င်းက ပြောသည်။
ယခု အောက်တိုဘာလကုန် ပါက မြေပြန့်ဒေသမှထွက်ရှိလာ မည့် ခရမ်းချဉ်သီးများ ဝင်ရောက် လာတော့မည်ဖြစ်ကြောင်း၊ လက်ရှိ တွင် ကုန်သီးနှံများအားလုံး ဈေးကောင်းများ ရရှိနေသဖြင့် ယခုနှစ်တွင် စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)