
မန္တလေး ဩဂုတ် ၂၃
ကျန်းမာရေး ဝန်ကြီးဌာနသည် Mpox(မျောက်ကျောက်) ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ် ထိန်းချုပ်ကုသ ရေးအတွက် သီးခြားလူနာဆောင် များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင် ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး နည်းလမ်း များကို ကျန်းမာရေးအသိပညာ ပေးခြင်းတို့အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဝင်းနိုင် ဦးဆောင်သောအဖွဲ့သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ပူးပေါင်းညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်း အောင်၊ လေဆိပ်ကျန်းမာရေးဌာန ခွဲမှ တာဝန်ခံဆရာဝန်များ၊ တံတားဦးမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးတို့နှင့် အတူ လေဆိပ်ဝင်ပေါက်တွင် Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် သံသယလူနာ တွေ့ရှိပါက လေဆိပ်တွင် ခေတ္တ isolation ထားရှိနိုင်မည့်နေရာ ပြင်ဆင် ထားရှိမှုနှင့် လွှဲပြောင်းဆေးရုံ အဖြစ် သတ်မှတ်ထားရှိသော မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်းနိုင်ရေး စသည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မျောက် ကျောက်ရောဂါ လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယလက္ခဏာများ ခံစား ရပါက နီးစပ်ရာကျန်းမာရေးဌာန သို့ အမြန်ဆုံးသတင်းပေးပို့ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားကြောင်း သိရသည်။
ထွန်းထွန်းနိုင်