
မော်လမြိုင် ဒီဇင်ဘာ ၁၉
မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉ ရောဂါ တတိယအကျော့ ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်က မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၌ ကိုဗစ်- ၁၉ ပထမအကျော့ ဖြစ်ပွား ချိန်မှစ၍ တတိယအကျော့ကာလအထိ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တတိယအကျော့ကာလအတွင်း ရောဂါ ကူးစက်ခံရသူများအတွက် ကန့်သတ်စောင့်ကြည့်ရေး စင်တာများ ဖွင့်လှစ်၍ ရောဂါကူးစက်ပြန့်ပွားမှုကိုထိန်းချုပ် နိုင်ရန် အသွားအလာကန့်သတ်ခြင်းများဖြင့် လိုအပ်သည့် အစားအစာများ၊ အသုံးအဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာဌာန ဝန်ထမ်းများ၊ စေတနာရှင်အသင်းအဖွဲ့များက ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အလားတူ ကုသရေး လုပ်ငန်းစဉ်များတွင် မရှိမဖြစ် လိုအပ်သည့် အောက်ဆီဂျင်ရရှိရေးကိုလည်း စေတနာရှင်ပြည်သူ များက ပါဝင်ကူညီလှူဒါန်းကြကြောင်း၊ ယခုအခါ အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင် စက်ရုံများ filling plant များကို မြို့နယ်တိုင်း လုံလောက်စွာ ထုတ်လုပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူ ၇၆ ရာခိုင်နှုန်း၊ ဒုတိယအကြိမ် ထိုးနှံပြီး သူ ၆၁ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ပြီးသူ ရည်မှန်းဦးရေ ၆၁ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း၊ အခြေခံပညာကျောင်းသား ကျောင်းသူများ အနေဖြင့် ၈၀၁၁၄ ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် မိမိတို့ပြည်နယ်အတွက် ကာကွယ်ရေးလုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီသူများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အထောက်အကူပြုအဖွဲ့များ၊ အလှူရှင် များ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ပရဟိတလူမှု ကူညီရေးအဖွဲ့များနှင့် အသင်းအဖွဲ့ စုစုပေါင်း ၉၀ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေကျပ် ၁၁၇ သိန်း ချီးမြှင့်ပေးပြီးနောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း က ကျေးဇူတင်စကား ပြန်လည်ပြောကြားသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အဘက်ဘက်မှ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းများတွင် စေတနာရှင်အလှူရှင်များနှင့် ပရဟိတလူမှုကူညီရေး အဖွဲ့များကလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း
(ပြန်/ဆက်)